Home
မြန်မာသတင်း
ဘုတလင်မြို့နယ်နှင့်  ကနီမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
September 21, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာမှာ စက်တင်ဘာ ၂၀ ရက် မနက် ၇ နာရီကစတင်ကာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံရွာသားတယောက်က “တိုက်ပွဲစတာက စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက အဝေးပစ်၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေ ကာကွယ်ရေးတပ်တွေဘက်က လုပ်နေတာ။ ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ကတော့ မြေပြင်ကနေ ကူတော်ရဲစခန်းအထိ စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်‌ေနကြတာ။ နှစ်ဖက် အသေအဆုံးကတော့ မသိရသေးဘူး။ စစ်တပ်ဘက်ကတော့ ဂျက်ဖိုက်တာတွေရော၊ Y-12 တွေရော လာပစ်တာ ၃ ခါရှိပြီ” လို့ ပြောပါတယ်။

ကူတော်ရွာ နယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က အပြင်းအထန် တိုက်ခိုက်‌ေနတာကြောင့် ဘုတလင်မြို့ထဲက စစ်သားတွေဟာ ကူတော်ရွာကို စစ်ကူ‌ေပးနိုင်ဖို့ မြေပြင်စစ်‌ေကြာင်း ၂‌ ‌ေကြာင်းခွဲထိုးပြီး စစ်ကူသွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “တိုက်ပွဲက မပြီးသေးဘူးဗျ၊ အခုထိ တိုက်နေတုန်းပဲ။ ကျနော်တို့ဘက်က အသာစီးယူထားတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီး နောက်မှ သတင်းထုတ်ပြန်ပေးပါမယ်” လို့ ပြောပါတယ်။

စစ်တပ်ဘက်က လေယာဉ်နဲ့ပစ်ခတ်လို့ သေဆုံးထိခိုက်စာရင်းကိုတော့ DVB အနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

ကူတော်ရွာ နယ်မြေခံရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၈ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စခန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်သိမ်းယူထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း အိုင်တောင်ရွာအနီးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက စတင်ကာ တိုက်လေယာဉ်နဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အိုင်တောင်ရွာသားတယောက်က “မင်းကင်းနယ်ဘက်ကနေ ကနီမြို့နယ်ဘက်ကို ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၉ စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပစ်ခတ်မယ်အထင်နဲ့  လာရောက်ပစ်ခတ်တာ။ စစ်သင်္ဘောတွေ မရောက်ခင် ၂ နာရီ ၁၅ မိနစ်လောက်က တကြိမ်လာပစ်တယ်။ ၃ နာရီမှာ နောက်ထပ်တကြိမ် လာပစ်တယ်။ ပစ်တဲ့နေရာက ကျနော်တို့ရွာ အောက်ဘက်မှာရှိတဲ့ ရွှေစာရေးမြစ်ကျဉ်းကမ်းနဖူးတွေကို ပတ်ပစ်သွားတာ။ ပထမအကြိမ်က စက်လက်နက်သာ ပစ်ခတ်တယ်။ နောက်ထပ် ဒုတိယအကြိမ်ကတော့ Rocket ၂ လုံးပါသုံးပြီး ပစ်သွားတာ။ တလုံးက မြစ်ထဲကျတယ်။ တလုံးက ရွှေစာရေးမြစ်ကမ်းဘေးကို ကျတယ်။ အခုပစ်ခတ်တဲ့ နေရာကတော့ လူတဦးတယောက်မှ မနေလို့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောတွေ အစုန်အဆန်တိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်လေ့ရှိတာကြောင့် စစ်တပ်ဘက်က ကြိုတင်ရှင်းလင်းပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က “စကားလုံးလှလှနဲ့ ပြောရင်တော့ ကြိုတင်ရှင်းလင်းတာပေါ့ဗျာ။ ဟိုလိုပြောရရင်တော့ ကြောက်လန့်ပြီး လာပစ်တာပေါ့။ သူတို့အထိနာတဲ့ ရွှေစာရေးမြစ်ကျဉ်းနဲ့ မုဌော အောက်ဘက်က ပွက်လုံးပွက်လန်ဝဲနေရာတွေကို အဓိကထား ပတ်ကြည့်ပြီး ပစ်သွားတယ်။ ကိုယ့်ဘက်ကလည်း ဒီနေ့ ရွှေစာရေးမြစ်ကျဉ်းအနီးကနေ လေယာဉ်မလာခင် ပစ်ခတ်ကြသေးတယ်။ စစ်သင်္ဘောတစီးကတော့ စလင်ခန်းကို ထိမှန်သွားတယ်လို့တော့ သတင်းရထားတယ်။ သူတို့ပစ်ခတ်ပြီး စစ်သင်္ဘောတွေ နတ်လာပို့ရွာအနီးရောက်မှ လေယာဉ် ဒုတိယအကြိမ် လာပစ်တာ။ ရဲဘော်အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်သင်္ဘောတွေဟာ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာနဲ့ ပန်းဆက်ရွာ ဆိပ်ကမ်းကနေ စက်တင်ဘာ ၁၈ ရက် မနက် ၆ နာရီက စတင်ထွက်ခွာလာခဲ့ပြီး ညနေ ၄ နာရီကျာ်မှာ မုံရွာမြို့နယ်၊ အလုံ မင်းဒေါင့်ဆိပ်ကမ်းကို ဆိုက်ကပ်သွားပြီလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013