Home
မြန်မာသတင်း
တနင်္သာရီတွင် တိုက်ပွဲပြင်းထန်၊ စစ်ရှောင်ပြီး နေရပ်ပြန်လာသူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
September 19, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဒရုန်း‌တွေပါ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ဒေသခံ အများအပြား‌ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် မနက် ၉ နာရီဝန်းကျင်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီးမှာ လမ်းကင်း လုံခြုံ‌ရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နောက်ထပ် မိနစ် ၂ဝ ခန့်အကြာမှာ အဆိုပါ လမ်းကင်းစောင့်တပ်သားတွေကို တဖန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်ရှိ တော်လှန်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“တနင်္သာရီဘက်ကနေ စစ်တပ်မိသားစု ရွှေ့မယ်ဆိုပြီး သတင်းရတယ်။ မြိတ်ဘက်ကနေ တုံးဗျောလောက်ကနေ ထွက်လာပြီးတော့ လမ်းကင်း‌ယူပေးမယ်ပေါ့။ ပသောင်းဘက်မှာရှိနေတဲ့ အဖွဲ့တွေကနေ တက်လာပြီးတော့ လမ်းကင်းလာချပေးတယ်။ သူတို့က ရသလောက် တက်လာပေးမယ့်သဘောပါ။ အဲအချိန်မှာ လမ်းကင်းလာချတဲ့အဖွဲ့ အရင်ထိသွားတယ်။”

အဲဒီ စစ်ကောင်စီတပ်သားတွေက မြိတ်မြို့နယ်၊ တုံးဗျောဘက်ကနေ အင်အား ၂ဝ ကျော်ဝန်းကျင်နဲ့ ထွက်လာတာဖြစ်ပြီး ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းရှိ စစ်တပ်မိသားစုဝင်တွေကို မြိတ်ဘက် တပ်ရင်းပြောင်းရွှေ့ဖို့အတွက် လမ်းကင်းလုံခြုံရေး လာယူပေးတာလို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်သား‌တွေက ဘန်းလမွတ်ရွာထဲကို ဝင်ရောက်ပြီး နေအိမ်တွေမှာ တပ်စွဲနေထိုင်နေကြတာကြောင့် ပြည်သူတွေ မနက်ပိုင်းတည်းက ‌ရွာကနေ ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ်လို့ ပြောပါတယ်။

မနက်ပိုင်းတိုက်ခိုက်မှုပြီးနောက် ည ၇ နာရီဝန်းကျင်မှာ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က လက်မဲရွာက ဘုန်းကြီးကျောင်းကို ဗုံးသီးတလုံး ပစ်ချတိုက်ခိုက်ခဲ့သလို အရှေ့တောင်ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း ဗုံးသီးတလုံး ထပ်ကြဲခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတယောက်က “အနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာတောင် လက်နက်ကြီးတလုံး ကျတယ်။ ဒရုန်းကြောင့်လား လက်နက်ကြီးကြောင့်လားတော့ မသိရဘူး။ ရွာသားတွေလည်း ဖမ်းပြီး ကာဗာလုပ်မှာစိုးလို့‌ ပြေးနေကြတယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် ယာယီစစ်ရှောင်ကြပြီးနောက် ရွာထဲပြန်ဝင်လာတဲ့ ဘန်းလမွတ်ဒေသခံ ၆ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘန်းလမွတ်ဒေသခံ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသားတယောက် အပါအဝင် တကူဒေသခံ အမျိုးသား ၂ ယောက်တို့ စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ နေအိမ်ကို ပြန်လာကြချိန် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့  ပြောပါတယ်။

ဘန်းလမွတ်ရွာခံ အမျိုးသမီးတယောက်က “ရွာသားတွေက အရင်ဆုံး ရွာအလယ်ပိုင်းကို ရွှေ့လိုက်ကြပြီးပြီ။ ညနေဘက်လောက်ရောက်တော့ ရွာသားတွေက စစ်တပ်မရှိလောက်တော့ဘူးထင်ပြီး တောင်ပေါ်သွားသူသွား၊ ‌အိမ်ကိုပြန်သူ ပြန်ကြတယ်။ အိမ်တွေရောက်တော့ သူတို့(စကစ)က အိမ်ထဲရှိနေကြတယ်။ အဲ့ကောင်တွေက အိမ်လာဖွင့်တဲ့သူတွေကို ပြန်မလွှတ်ဘဲနဲ့ တညလုံး ခေါ်ထားလိုက်တယ်၊ မိုးလင်းထိပဲ။ လူကာဗာလုပ်ပြီး ထားလိုက်တာပေါ့” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၆ ယောက်ထဲက တကူဒေသခံ ၂ ယောက်မှာ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းလောက်က ပြန်လွတ်မြောက်လာတယ်လို့ သိရပြီး ကျန်တဲ့ ဘန်းလမွတ်ရွာခံတွေ ဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ်နဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ၂ ယောက်အပြင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတယောက်တို့မှာတော့ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။

အဲဒီ ပြန်လွတ်မြောက်လာတဲ့ တကူဒေသခံ ၂ ယောက်က ကွမ်းသီးနု အရောင်းအဝယ် လာလုပ်ရင်းနဲ့ ဖမ်းဆီးခံရတာလို့ ဘန်းလမွတ်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဖမ်းဆီးချိန်မှာ ရိုက်နှက်တာတော့ မရှိဘူး။ အရင်ကလည်း သူတို့ ရွာထဲမှာ လမ်းကင်းလာယူချိန်ဆို ရွာသားတွေကိုတွေ့ရင် ဖမ်းထားတာရှိတယ်။ ပြီးတော့ သူတို့ပြန်သွားရင် ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက ရွာတွေဘက် စစ်ကြောင်းတွေထိုးကာ နေအိမ်၊ စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲပြီး ဒရုန်းတွေ အသုံးပြု တိုက်ခိုက်တာ ပိုများလာတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013