Home
မြန်မာသတင်း
ချောင်းဦး စစ်ရှောင်ပြည်သူများ ရေဘေးဒဏ်ခံရပြီး အကူအညီလိုအပ်
ခွန်ဇော်ဦး
·
September 18, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က နေအိမ်မီးရှို့ခံရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရေဘေးကိုလည်း လနဲ့ချီပြီး ခံနေကြရလို့ အချိန်ကြာလာတာနဲ့အမျှ အကူအညီတွေ လိုအပ်နေပါတယ်။

ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေ မီးရှို့လို့ နေစရာအိမ်မရှိတော့တဲ့ ပြည်သူ တသောင်းခွဲကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ နှစ်နဲ့ချီ နေထိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ချင်းတွင်းမြစ်ရေ ကြီးတာကြောင့် ချောင်းဦးမြို့နယ်က စစ်ဘေးရှောင်စခန်း တချို့ဟာ လက်ရှိအချိန်အထိ ရေဘေးသင့်နေတာပါ။ သူတို့တွေဟာ အချိန်ကြာလာတာနဲ့အမျှ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းနဲ့ ကရင်နီ(ကယား)၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တို့မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။

အဲဒီဒေသတွေထဲမှာ အင်းလေးဒေသလည်း ပါဝင်ပြီး လက်ရှိအချိန်ထိ ရွာပေါင်း ၁၇၀ ကျော် ရေနစ်မြုပ်နေတာပါ။ အင်းလေးက ပြည်သူတွေမှာလည်း အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုင်ဖွန်း ယာဂီကြောင့် နိုင်ငံတဝန်း ရေဘေးသင့်သူ ၆၃၀,၀၀၀ ကျော်ရှိပြီး ရာနဲ့ချီ သေဆုံးမှုရှိကာ အများအပြား ပျောက်ဆုံးနေတာပါ။ လက်ရှိအချိန်ထိ နေရာအများစု ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် စက်တင်ဘာ ၂၁ ရက်ကနေ ၂၅ ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနသာာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုနဲ့ ကြုံရနိုင်တယ်လို့ မိုးဇလဌာနတွေက အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013