ဂါဇာကမ်းမြောင်ဒေသ နူဆေရတ်စခန်းရှိ စစ်ဘေးရှောင် ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ UNRWA စာသင်ကျောင်း အဆောက်အအုံကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၁၁ ရက်က လူ ၁၀ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ လူ့အလောင်း အပိုင်းအစတွေကို စုဆောင်းထားပြီး တချို့ကို စောင်တွေထဲထည့်ကာ တချို့ကိုတော့ ပလတ်စတစ်အိတ်တွေထဲ ထည့်ထားပါတယ်။ ဒဏ်ရာရသူတွေကိုလည်း အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။
တနေ့တည်းမှာပဲ အနောက်ဘက်ကမ်းရှိ တူးဘာ့စ်မြို့မှာလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက အဲဒီနေရာမှာ အလောင်း ၅ လောင်းကို ရယူခဲ့ပြီး ဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားကာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တိုးချဲ့ စစ်ဆင်ရေးကို ဆက်လုပ်ဆောင်နေခဲ့တာပါ။
လက်နက်ကိုင် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့ပေမဲ့ အသေးစိတ်ကို ပြောကြားခြင်းမရှိပါဘူး။
အစ္စရေးတပ်ဖွဲ့တွေဟာ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပဲ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး တူးဘာ့စ်၊ ဂျဲနနင်နဲ့ တူလ်ကမ်မြို့တွေမှာ တိုးချဲ့စီးနင်းမှုတွေ လုပ်ခဲ့တာပါ။
အဲဒီ ၃ မြို့စလုံးမှာ ဟားမတ်စ်၊ အစ္စလမ္မစ်ဂျီဟတ်နဲ့ ဖာတာ အပါအဝင် လက်နက်ကိုင် အဖွဲ့တွေလည်း ထူထူထပ်ထပ် ရှိနေတာ ဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ လမ်းတွေဖောက်လုပ်ကာ စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့်လည်း မြို့ ၃ မြို့လုံးရှိ လမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးမှုများစွာ ကြုံတွေ့ခဲ့ရပါတယ်။
Source-Reuters