အစ္စရေးစစ်တပ်က အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေရဲ့ ပစ်မှတ်အများအပြားကို စက်တင်ဘာ ၁၁ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး အစ္စရေးနိုင်ငံမြောက်ပိုင်း လက်ဘနွန်နယ်စပ်မှာ ပေါက်ကွဲမှုတွေ၊ မီးခိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။
လက်ဘနွန်နယ်မြေကနေ အစ္စရေးမြောက်ပိုင်းဆီ ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒုံးကျည်အလုံးရေ ၃၀ လောက်ဟာ ဟင်းလင်းပြင် ဧရိယာပေါ် ကျခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစ္စရေးကို မကြုံစဘူး တိုက်ခိုက်ခဲ့အပြီး ဂါဇာမှာ စစ်ပွဲဖြစ်ပွားစေခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကစပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား နေ့စဉ် အပြန်အလှန် ပစ်ခတ်နေခဲ့တာပါ။
အစ္စရေး-ဟစ်ဇ်ဘိုလာ တိုက်ခိုက်မှုတွေကြောင့် အစ္စရေး-လက်ဘနွန်နယ်စပ် နှစ်ဖက်စလုံးမှာ အရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ကို အစ္စရေးနယ်စပ်ကနေ ဝေးကွာသွားအောင် ဖယ်ထုတ်မယ့် သဘောတူညီချက်နဲ့ ပဋိပက္ခကို ဖြေရှင်းချင်တယ်လို့ အစ္စရေးခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲဖြစ်ပွားနေသရွေ့ အစ္စရေးကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ဟစ်ဇ်ဘိုလာတွေက ပြောထားပါတယ်။
Source-Reuters