ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ နေရာအများအပြားကို စက်တင်ဘာ ၈ ရက် ညနှောင်းပိုင်းက အစ္စရေးက ဒုံးကျည်နဲ့ ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိသွားခဲ့ကြကြောင်း ဆီးရီးယား အာဏာပိုင်တွေက စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။
လက်ဘနွန် အနောက်မြောက်ဘက် လမ်းကြောင်းကနေ ပစ်လွှတ်ခဲ့ပြီး စစ်ဘက်နေရာ အများအပြားကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၈ ယောက်ရှိကြောင်း အခင်းနေရာတခုကို ကိုယ်တိုင်ရောက်ရှိနေတဲ့ ဆီးရီးယား ကျန်းမာရေးဝန်ကြီး ဟက်ဆန် အယ်လ်-ဂါဘက်ရှ်က အတည်ပြုခဲ့ပြီး ၃၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ စက်တင်ဘာ ၈ ရက်က ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ ဝန်းကျင်မှာ တိုက်ခိုက်မှုစတင်ပြီး အလယ်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာနေရာ အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး ဆီးရီးယားနိုင်ငံပိုင် ဆာနား သတင်းအေဂျင်စီက ဆိုပါတယ်။
ဆီးရီးယား လေကြောင်းကာကွယ်ရေးတပ်တွေက ဒုံးကျည်တချို့ကို ပစ်ချခဲ့ကြောင်းလည်း သတင်းရင်းမြစ်က ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေအပြင် လူနေရပ်ကွက်တချို့မှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
မြေထဲပင်လယ်ကမ်းရိုးတန်းအနီး ဟာမာပြည်နယ်ရှိ မက်ယာ့ဖ်အနီးရှိ ဓာတုလက်နက် ထုတ်လုပ်ရေးဆိုင်ရာ အဓိက စစ်သုတေသနစင်တာတခုကို ကြိမ်ဖန်များစွာ ထိမှန်ခဲ့ကြောင်း ဒေသတွင်း ထောက်လှမ်းရေးသတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့ပါတယ်။
ဟာမာပြည်နယ် အလယ်ပိုင်းရှိ အမြန်လမ်းတခုမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်စောင်းတွေကနေ ကျောက်တုံးကြီးတွေ ပြိုကျကာ လမ်းတလျှောက် ပြန့်ကျဲကျန်နေခဲ့ပြီးတော့ တချို့နေရာတွေမှာ ၇ မီတာအထိနက်တဲ့ မြေပြင်မှာ ကြီးမားတဲ့ ချိုင့်တွေ၊ ကျင်းတွေ၊ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုကို ပြောင်ပြောင်တင်းတင်း ရန်လိုတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပါတယ်။
အစ္စရေးကို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ ရန်စမှုတွေ ဆက်ရှိနေအောင် ပံ့ပိုးပေးမှုအတွက်လည်း အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
တီဟီရန်ကလည်း ဆီးရီးယားမှာ ရာဇဝတ်မှုဆိုင်ရာ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကနားနီက ပြောပါတယ်။
ဆီးရီးယားမှာ တိုက်ခိုက်မှုသတင်းတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတတ်လေ့ရှိတဲ့ အစ္စရေးကတော့ ဘာမှတ်ချက်မှ ချက်ချင်းမပေးပါဘူး။
ဒါဟာ ဧပြီလက ဒမတ်စကတ်ရှိ အီရန်သံရုံးဝင်းကို ထိမှန်ပြီးနောက်ပိုင်း အစ္စရေးရဲ့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
Source-Reuters