အစ္စရေးရဲ့ နယ်မြေချဲ့ထွင်မှုအန္တရာယ် တိုးမြင့်လာမှုကို ဟန့်တားဖို့အတွက် အစ္စလာမ္မစ် နိုင်ငံတွေ မဟာမိတ်အဖွဲ့ကြီးတခု ဖွဲ့သင့်တယ်လို့ တူရကီသမ္မတ ရီဆက်တာယစ်အာဒိုဂန်က ပြောလိုက်ပါတယ်။
အနောက်ဘက်ကမ်းက အစ္စရေးတိုးချဲ့ရပ်ရွာတခုနဲ့ ပတ်သက်ပြီး သောကြာနေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ တူရကီ-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသူ အမျိုးသမီးကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့အပြီးမှာ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးရဲ့ အထက်စည်းဆန်မှု၊ အစ္စရေးရဲ့ သူခိုးဓားပြဆန်မှု၊ အစ္စရေးရဲ့ နိုင်ငံနဲ့ချီတဲ့ အကြမ်းဖက်ဝါဒကို ရပ်တန့်ဖို့ တခုတည်းသော ခြေလှမ်းကတော့ အစ္စလာမ္မစ်နိုင်ငံတွေ မဟာမိတ်ဖွဲ့ဖို့ပါပဲလို့ အာဒိုဂန်က အစ္စတန်ဘူလ်မြို့တော်နားမှာ ကျင်းပတဲ့ အစ္စလာမ်ကျောင်းများ အသင်းရဲ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာမှာတင် ရပ်တန့်မှာမဟုတ်ဘဲ အနောက်ဘက်ကမ်းက ရာမာလာမြို့ကို သိမ်းပြီးရင် ဒေသတွင်းနိုင်ငံတွေဘက် လှည့်လာမှာဖြစ်တယ်လို့ အာဒိုဂန်က စွပ်စွဲခဲ့ပါတယ်။
ပြီးတဲ့အခါ လက်ဘနွန်၊ ဆီးရီးယားကို လာမှာဖြစ်ပြီး တိုင်းဂရစ် မြစ်ဝှမ်းကနေ ယူဖရေးတီးစ် မြစ်ဝှမ်းအထိ ကျုပ်တို့အမိမြေကို မျက်စိကျလာမှာပဲလို့ အာဒိုဂန်က သုံးသပ်ခဲ့ပါတယ်။ သူတို့က ဂါဇာကို သိမ်းရရုံနဲ့ ကျေနပ်မှာ မဟုတ်ဘူးလို့ ကြေညာပြီးသားပဲလို့လည်း ဆိုပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်ကတော့ အာဒိုဂန်ရဲ့ ပြောကြားချက်ဟာ အန္တရာယ်ကြီးတဲ့ လိမ်လည်မှု၊ သွေးထိုးလှုံ့ဆော်မှုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အစ္စရေးဟာ ကိုယ့်နယ်စပ်ကို ကာကွယ်နေတာ၊ ဟားမတ်စ် လူသတ်သမားတွေ၊ မုဒိမ်းကောင်တွေ လက်ကနေ အီရန်ဦးဆောင်တဲ့ ရှီးယိုက် မိစ္ဆာဝင်ရိုးတန်းကနေ ခုခံကာကွယ်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Source-Reuters