Home
မြန်မာသတင်း
နမခစစ်ဌာနချုပ်နှင့် ချောင်းဦး ကံကြီးကုန်းပျူရွာစခန်းကို  PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက် 
DVB
·
September 13, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို  စက်တင်ဘာ ၁၁ ရက် ည ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဒုံးကျည် အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုထံက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းရှော့ကပ်ညီနောင်အဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁) ၊ Chindwin Brothers တပ်ဖွဲ့ ၊ချိုမိုင်မိုင်(ကနီ) အဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူ ရှိ မရှိကတော့ မသိရသေးပါဘူး။ 

Chindwin brothers အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ နမခ(-)ခြံကို Rocket အလုံး ၂၀ နဲ့ သွားပစ်ခတ် ခဲ့တယ်ဗျ။ စစ်ကောင်စီ အသေအပျောက်စာရင်းကတော့ အတိကျမရသေးဘူးဗျ။ ကျနော်တို့ပစ်တဲ့ Rockets အားလုံးကတော့ နမခ(-)ခြံထဲ တည့်တည့်ကျတယ်။ ကျနော်တို့ အတိကျသိထားရတာက နမခ တိုင်းရုံးထဲလည်း ကျသလို၊ စအဖရုံးထဲလည်းကျတယ်။ အသေအပျောက်ကတော့ အတိကျမသိရသေးဘူး။ သူတို့ဘက်ကလည်း ၈၀ မမ ၂ လုံးနဲ့ ကျနော်တို့ ဘက်ကို ကောင်တာ ပြန်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ဖောက်တာတွေရှိတယ်။ ကျနော်တို့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး”လို့ ပြောပါတယ်။

အခုလို နမခ ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ပစ်ခတ်ခံရမှုမှာတော့ လျှပ်စစ်ကြိုးတွေ ပျက်စီးသလို ရုံးဌာနအဆောက်အဦတချို့ ပျက်စီးတယ်လို့  တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြပါတယ်။

နမခနဲ့အနီးဝန်းကျင်မှာနေတဲ့ ပြည်သူတယောက်က “ညကတော့ နမခဘက်ကနေ လက်နက်ပစ်သံ တွေကြားရတယ်။ ည ၉ နာရီလောက် အထိကြားရတာပေါ့။ ဘယ်သူတွေပစ်တာလဲတော့မသိဘူး။ ပစ်တဲ့သတင်းကတော့ ဟုတ်တယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က  စက်တင်ဘာ ၁၂ ရက်မှာ  ဘုတလင်-နမခ-မုံရွာသွားကားလမ်းမပေါ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေး ငွေကြေးကောက်ခံ နေပါတယ်။ 

ချောင်းဦးမြို့နယ်မှာလည်း ကံကြီးကုန်းပျူရွာစခန်းကို PDF တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ကံကြီးကုန်းပျူစခန်းကို စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီမှာတကြိမ် စက်တင်ဘာ ၁၁ ရက် မနက် ၆ နာရီမှာ တကြိမ်   Monywa Inventor ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Triple Two Task Force၊ မျိုးဆက်သစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းရာဇာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

Monywa Inventor အဖွဲ့ တာဝန်ခံ ရဲဘော်မိုးသောက်က “ကျနော်တို့ပစ်တဲ့ လက်နက်အမျိုးအစားတွေက ၄၀ မမ ဗုံးသီး အလုံး ၂၀ ၊ ၆၀ မမ ဗုံးသီး အလုံး ၂၀ ၊ ၈၀ မမ ဗုံးသီး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့တာဗျ။ စကစဘက်ကလည်း ဟောင်ဝစ်ဇာလက်နတ်ကြီး ၅ လုံးနဲ့ ပြန်ပစ်တယ်။ ဒါပေမဲ့ကျနော်တို့ ရဲဘော်တွေအထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာခဲ့ပါတယ်ဗျ။ စကစဘက်ကတော့ ရဲဘော် ၇ ဦး သေဆုံးတယ်”လို့ ပြောပါတယ်။

ဩဂုတ် ၂၇ ရက်ကလည်း ကံကြီးကုန်းပျူရွာက စစ်ကောင်စီတပ်နဲ့ ပျူပူးပေါင်းအဖွဲ့တွေနဲ့  ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပြင် ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပြီး စစ်ကူပေးခဲ့တယ်လို့ ချောင်းဦးဒေသခံတွေက  ပြောပါတယ်။

ဒေသခံတယောက်က“ကျနော်တို့ ချောင်းဦးမြို့နယ်အတွင်းက ကံကြီးကုန်းပျူရွာကစစ်ကောင်စီ အမာခံ ထောက်ခံတဲ့ရွာပါ။ ကာကွယ်ရေးတပ်က အခုလိုပစ်ခတ်တာကို ကျနော်တို့ကတော့ အားပေးတယ်။ အဲဒီရွာကလူတွေက စစ်ကောင်စီကို အားကိုးပြီး အနီးပတ်ဝန်းကျင်က ရွာတွေကို အနိုင်ကျင့် တာတွေပြုလုပ်လေ့ရှိတယ်။ ဆန်တွေ၊ ဆီတွေ၊ အဖိုးတန်ပစ္စည်းတွေ လာလာ ယူ‌လေ့ရှိတယ်”လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုမတွေမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ပျက်စီးမှု အခြေအနေကို သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

ကံကြီးကုန်းပျူရွာက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ဟာ ဩဂုတ် ၂၇ ရက်က စတင်ပြီး စက်တင်ဘာ ၁၂ ရက်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အခုလိုစစ်ရေးတင်းမာ နေတာကြောင့်  အနီးအနား ကျေးရွာက ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013