Home
မြန်မာသတင်း
ပခုက္ကူ-ကမ္မ ကားလမ်းပေါ်က စစ်သားများ စွန့်ခွာသွားသည့် စခန်းကို PDF မီးရှို့ဖျက်ဆီး
DVB
·
September 11, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မကားလမ်းပေါ်က ညောင်လှလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် စက်တင်ဘာ ၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မြိုင် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “အခုစခန်းက သူတို့တပ်စွဲနေတဲ့ ညောင်ဂျစ်ပင် ပျူရွာစခန်းရဲ့ ကာကင်းစခန်းသဘောပဲ ရှိတာ။ ဒီစခန်းကို စစ်သားနဲ့ ပျူ ၁၀ ယောက်၊ ၁၅ ယောက်လောက် အလှည့်ကျလာပြီး လမ်းသွားလမ်းလာ ကားတွေဆီကနေ ပိုက်ဆံတောင်းစားနေတဲ့ဂိတ်ပေါ့” လို့  ပြောပါတယ်။

အဆိုပါ စစ်ကောင်စီကာကင်းစခန်းကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အခုနှစ် မတ်လက စတင်ဆောက်လုပ်ပြီး ဂိတ်ဖွင့်လှစ်ကာ ငွေကြေးတောင်းခံနေပြီး စက်တင်ဘာ ၉ ရက် မနက်စောစော ၂ နာရီဝန်းကျင်မှာတော့ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့အတွက် သူတို့နေထိုင်ခဲ့တဲ့ အဆောက်အဦတွေကို ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

မြိုင် ပကဖ တာဝန်ခံတယောက်က “သူတို့ဘက်က အခြေအနေမကောင်းလို့ ပြန်ဆုတ်သွားတာ ဖြစ်ဖို့များတယ်။ ညောင်ဂျစ်ပင် ပျူရွာစခန်းကို သွားပေါင်းကြတယ်လို့ သိရတယ်ဗျ။ အခုဖျက်ဆီးခဲ့တဲ့ သူတို့ရဲ့ ကာကင်းစခန်းမှာ ပစ္စည်းများများစားစား မကျန်ခဲ့ဘူး။ Jummer စက်တလုံးပဲ သိမ်းလာနိုင်ခဲ့တယ်။ သူတို့နေခဲ့တဲ့ ဘန်ကာတွေကို ဖြိုချပြီး အဆောက်အဦတွေ အားလုံးကိုတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စွန့်ခွာ​ထွက်ပြေးသွားတဲ့ ညောင်လှလမ်းခွဲ ကာကင်းစခန်းကို မြိုင် ပကဖ၊ ဧရာဒေါင်းအဖွဲ့၊ KMRF အဖွဲ့တို့ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013