Home
မြန်မာသတင်း
စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်
DVB
·
September 10, 2024

မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူလည်း မလာရောက်နိုင်သလို ရိက္ခာလည်း ပြတ်လပ်နေပြီလို့ သိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ ည ၁၀ နာရီလောက်က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ စွယ်တော်ကုန်း ဗျူဟာစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ဒရုန်းဗုံးကြဲပြီး ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ် စခန်းကို စစ်ကူမလာရောက်နိုင်ဘဲ လာဖို့မဖြစ်နိုင်ဘူးလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ဘက်က ကြည့်ရတာ အခြေအနေမကောင်းဘူး ထင်တယ်၊ စစ်ကူကတော့ မရောက်ဘူး။ ကျန်တဲ့အဖွဲ့ တက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒရုန်းကတော့ နေ့တိုင်း ချတယ်၊ ညလည်း ချတယ်။”

ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကတည်းက စစ်ကောင်စီရဲ့ အင်အား ၈၀ လောက်ရှိတဲ့ စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းမရအောင် ရက်လကြာရှည် ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့်  စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ စွယ်တော်ကုန်းဗျူဟာကို ဒရုန်းဗုံး ညတိုင်းလိုလို ကြဲချခံနေရတာကြောင့် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပြန်လည်ပစ်ခတ်တာတွေ ရှိပါတယ်။  ညက အသံတွေ နည်းနည်းပါးပါး ကြားရပြီး ၂ လုံးတွဲ၊ ၂ လုံးတွဲ ချသံထွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့တွေ ပျာယာခတ်နေပြီ။ သွားမယ့်လမ်းပေါက် မရှိတော့ဘူး။ ညကတော့ နည်းနည်းပါးပါး အသံထွက်တယ်။ တော်လှန်ရေးဘက်က ဒရုန်းချလား မသိဘူး။ ညက ၂ လုံးတွဲ ၂ လုံးတွဲချတယ်။ ဒေသခံတွေက အေးအေးဆေးဆေးပဲ၊ အခုတော့ဘာမှ မဖြစ်ဘူး။ ဒီပွဲပြီးရင် ပြီးပြီလို့ထင်တာပဲ။ မလှုပ်ရှားရင်တော့ မပြီးနိုင်ဘူး၊ လှုပ်ရှားမှ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ ညနေ ၅ နာရီက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းဖြစ်တဲ့ ဖလူးစခန်းကို KNLA ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂ VENOM ပူးပေါင်းစစ်ကြောင်းတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စားရိက္ခာတွေကို သိမ်းဆည်ရမိခဲ့ပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024