Home
မြန်မာသတင်း
မြန်မာတွင် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုဆိုးလာ
DVB
·
September 9, 2024
Photo- EU Myanmar

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး ပညာရေးဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်တာနဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ တခြားပညာရေးဆိုင်ရာ အဆောက်အဦတွေကို စစ်ရေးအရ အသုံးပြုတာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ဥရောပသမဂ္ဂ (EU) မြန်မာရုံးက ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ ပညာရေးအားပစ်မှတ်ထားတိုက်ခိုက်မှု တားဆီး ကာကွယ်ရေး နိုင်ငံတကာနေ့မှာ ဥရောပသမဂ္ဂ (EU)က ထုတ်ပြန်လိုက်တာဖြစ်ပြီး ကလေးတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေဟာ တမင်ရည်ရွယ်တဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ တိုက်ခိုက်မှုတွေရဲ့ သားကောင်တွေ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (EU)ဟာ ကလေးတိုင်းရဲ့ လုံခြုံသောပတ်ဝန်းကျင်မှာ ကြီးပြင်းဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ ပညာရေးကို လက်လှမ်းမီနိုင်စေဖို့အတွက် ခိုင်မာပြီး မယိမ်းယိုင်တဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုကြောင်းနဲ့ မြန်မာနိုင်ငံရှိ ဆောင်ရွက်ချက်တွေကနေ တဆင့် ကလေးတွေကို သင်ယူမှုမှာ ပြန်လည်ပါဝင်လာစေဖို့နဲ့ မတူညီတဲ့ သင်ယူမှု လမ်းကြောင်းတလျှောက် အဓိကအခြေခံပညာရေး အောင်မြင်မှုမှတ်တိုင်ကောင်းတွေ ရရှိစေဖို့ ပံ့ပိုးပေးတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးကို တိုက်ခိုက်မှုတွေနဲ့ စစ်ရေးအရ အသုံးပြုမှုမတွေရဲ့ အကျိုး သက်ရောက်မှု များဆိုတဲ့ အစီရင်ခံစာကို  The Global Coalition to Protect Education from Attack (GCPEA) က ထုတ်ပြန်ထားပါတယ်။

ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အ‌ဖွဲ့ (GCPEA) ရဲ့ အချက်အလက်တွေအရ  မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ကျောင်းတွေကို တိုက်ခိုက်ခဲ့မှု အနည်းဆုံး အကြိမ် ၂၀၀ ရှိကြောင်း၊ ၂၀၂၂ ခုနှစ်မှာ ကျောင်းတွေကို တိုက်ခိုက်ခဲ့မှုပေါင်း ၁၃၀ ကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ရေးရည်ရွယ်ချက်နဲ့ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အသုံးချခြင်းမှ အရေးတကြီး ရှောင်ကြဉ်သင့်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားသလို ပညာရေးကဏ္ဍမှာ ထောက်ပံ့နေသူတွေ၊ လူသားစာနာကူညီထောက်ပံ့နေသူတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေကို ဆောင်ရွက်နေသူတွေနဲ့ အလှူရှင်တွေဟာ ပညာရေး ဆက်လက်ရှင်သန်ရေးအတွက် ပညာရေးအသိုက်အဝန်းတွေနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေကို ထိရောက် သင့်လျော်တဲ့နည်းနဲ့ အခိုင်အမာ ထောက်ပံ့သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှု ရပ်တန့်ဖို့ USAID Burma ကလည်း ထုတ်ပြန်တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013