ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီမြို့ရှိ “မေတ္တာရိပ်” ပညာသင်ကျောင်း ပိတ်သိမ်းခံရပြီး နောက်ထပ် မြန်မာရွှေ့ပြောင်းလုပ်သားကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ ပညာသင်ကျောင်း ၅ ကျောင်းကိုပါ ပိတ်သိမ်းဖို့ စူရတ်ဌာနီခရိုင်ဝန်က ညွှန်ကြားလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မေတ္တာရိပ် ပညာသင်ကျောင်းက ကလေးတွေ မြန်မာအလံတော်သီချင်း သံပြိုင်သီဆိုနေတဲ့ ဗွီဒီယိုကလစ် လူမှုကွန်ရက်မှာ ပြန့်သွားတဲ့နောက် ခရိုင်ပညာရေးရုံး တာဝန်ရှိသူတွေဟာ စုံစမ်းစစ်ဆေးပြီး ဒီ စက်တင်ဘာ ၄ ရက်က အဆိုပါကျောင်းကို ပိတ်သိမ်းလိုက်ပါတယ်။
စာသင်ကျောင်းဖွင့်ဖို့ မြေနေရာအသုံးပြုခွင့်ပေးခဲ့တဲ့ မြေကွက်ပိုင်ရှင်ရော၊ ကျောင်းအုပ်ကြီး၊ ထိုင်းဆရာ/ဆရာမ ၆ ယောက်နဲ့ မြန်မာ ဆရာ/ဆရာမပေါင်း ၂၄ ယောက်တို့ကိုပါ ဥပဒေအရ အရေးယူဖို့ ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။
ဒါ့အပြင် တာဝန်ရှိသူတွေက ခရိုင်တွင်းရှိ တခြားစာသင်ကျောင်းတွေ လိုက်လံစုံစမ်း စစ်ဆေးရာမှာ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်မရဘဲ ဖွင့်လှစ်ထားတဲ့ နောက်ထပ် စာသင်ကျောင်း ၅ ကျောင်း တွေ့ရှိတယ်၊ အဆိုပါကျောင်းတွေမှာ စူရတ်ဌာနီမြို့ ဖိုးဝိုင်ရပ်ကွက်ထဲမှာ တကျောင်း၊ ဝပ်ဆုမ်ဝန်နားရမ်း ဘုန်းကြီးကျောင်းမှာ တကျောင်း၊ ခီရီရတ်နိခုမ်းမြို့နယ်၊ ဒွန်းဆဒ်မြို့နယ်နဲ့ ကော်ဖငန်းမြို့နယ်ထဲမှာ တကျောင်းစီ တွေ့ရှိပြီး အားလုံးကို ပိတ်သိမ်းဖို့ ခရိုင်ဝန်က ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း စူရတ်ဌာနီ ပညာရေးမှူး နိုင်းကျစဒါ ကျစ်ရတ်က စက်တင်ဘာ ၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါကျောင်းတွေ ဖွင့်လှစ်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်က ပညာရေးဌာနကို ခွင့်ပြုချက် တောင်းလာတာရှိတယ်၊ ဒါပေမဲ့ မူဝါဒနဲ့ မညီညွတ်တာ၊ ဆရာ/ဆရာမတွေရဲ့ အထောက်အထား မပြည့်စုံတာတွေကြောင့် ခွင့်မပြုခဲ့ဘူး၊ ခွင့်မပြုပေမဲ့လည်း တိတ်တဆိတ် ဖွင့်လှစ်သင်ကြားခဲ့ကြတယ်၊ ကျောင်းပိတ်ဖို့ အတန်တန် သတိပေးခဲ့ပေမဲ့ ဆက်ပြီးဖွင့်ခဲ့တယ်၊ ခုတကြိမ်မှာတော့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပညာရေးမှူးက ပြောသွားပါတယ်။
ပိတ်သိမ်းခံရတဲ့ကျောင်းမှာ ပညာသင်ကြားသူတွေဟာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား အသိုက်အဝန်းက ကလေးတွေ ဖြစ်တယ်၊ ထိုင်းနိုင်ငံရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အက်ဥပဒေအရ ကလေးတိုင်းဟာ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ ရှင်သန်ဖွံ့ဖြိုးခွင့်၊ အခြေခံပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် ရရှိရမှာ ဖြစ်တယ်၊ ဒါကြောင့် ဥပဒေနဲ့မညီလို့ ပိတ်သိမ်းခံရတဲ့ စာသင်ကျောင်းက ကလေးတွေအနေနဲ့ ထိုင်းအစိုးရ စာသင်ကျောင်းတွေမှာသော် လည်းကောင်း၊ ခွင့်ပြုချက်ရ ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ သော်လည်းကောင်း ရွှေ့ပြောင်း ပညာသင်ကြားနိုင်တယ်၊ ဒါပေမဲ့ သက်ဆိုင်ရာစာသင်ကျောင်းက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာကျင့်သုံးရမယ်လို့ စူရတ်ဌာနီ ပညာရေးဌာန တာဝန်ရှိသူက ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။
စူရတ်ဌာနီခရိုင်ထဲမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ကလေးတွေ ထောင်နဲ့ချီ ရှိတယ်၊ မေတ္တာရိပ်စာသင်ကျောင်း တခုတည်းတင် ကျောင်းသားဦးရေ ၁,၁၁၀ ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: MGROnline / DailyNews Online