Home
မြန်မာသတင်း
ထိုင်းနိုင်ငံသို့ နယ်စပ်ဂိတ်မှသွားရောက်မည့် လူငယ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေ
DVB
·
September 3, 2024

မြဝတီ၊ ကော့သောင်း နယ်စပ်ဂိတ်တွေကနေ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်တွေကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်နေသူတွေက ပြောပါတယ်။

စက်တင်ဘာ  ၂ ရက်ကစပြီး  မြန်မာ-ထိုင်း နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီနဲ့ တနင်္သာရီတိုင်း ကော့သောင်းဂိတ်တွေက တဆင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်မယ့်သူတွေ အပေါ် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်သူတွေအနေနဲ့ အကြောင်းပြချက်ခိုင်လုံမှ သွားရောက်ခွင့်ပြုတယ်လို့ နယ်စပ်ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်နေသူတွေက ပြောပါတယ်။

နယ်စပ်ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်နေသူတယောက်က “အမြဲတမ်းကူးနေတဲ့ လူတွေကို လက်ခံသေးတယ်။ နောက်တခု မေးခွန်းမေးတယ်။ မဲဆောက်ဘက်က အာမခံတဲ့သူရှိရင် ကူးခွင့်ပေးတယ်။ ဘယ်ကိုသွားမှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဘယ်သူ့ဆီကိုလဲ လိပ်စာအတိအကျပေး သူတို့ကို။ အဲဒါတွေကို အကုန် အတိအကျပေးနိုင်တဲ့သူ ဆိုရင်တော့ လောလောဆယ် ကူးခံသေးတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း လူငယ်တွေကို  အတင်းအဓမ္မ စစ်သားစုဆောင်းနေတာပါ။

ပြည်တွင်း ခရီးသွားခွင့်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာတွေနဲ့ သွားလာနေရပါတယ်။ ဒါ့အပြင် ပြည်ပထွက်ခွာခွင့်တွေကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်ခဲ့ပါတယ်။ PV ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မယ့်သူတွေကို စက်တာင်ဘာ ၃ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးနေတယ်လို့ ကော့သောင်းမြို့ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

“ဒီနေ့က အရင်အတိုင်း ပုံမှန်ပြန်သွားလို့ရပြီ။ မနေ့ကကျတော့ စာဝင်လာတာက PV နဲ့ သွားတဲ့သူတွေကို သေသေချာချာ စိစစ်မေးမြန်းပါဆိုတဲ့ အမိန့်စာဝင်တယ်လို့ ပြောတယ်။ ဒီမနက်သွားမေးတော့ သူတို့(စစ်ကောင်စီ)က ကြောက်ပြီး ပိတ်ချလိုက်တာတဲ့။  ညနေ (စက်တင်ဘာလ ၂ ရက်နေ့) လောက်ကျမှ အစည်းအဝေးပြန်လုပ်ပြီးတော့ ဒီနေ့ ပုံမှန်အတိုင်း အရင်အတိုင်း ပြန်သွားလို့ရပါပြီ။”

ပြီးခဲ့တဲ့ ဇွန်လကစပြီး ၃ လတာအတွင်း ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား ၁၄၀,၀၀၀ ကျော်ကို ဖမ်းဆီးပြီး မိခင်နိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကစပြီး စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးဇုန်တွေနဲ့ အလုပ်ရှာသူတွေ ရှိနေနိုင်တဲ့ နေရာပေါင်း ၁၅,၀၀၀ နီးပါးကို စုံစမ်းစစ်ဆေးခဲ့ပြီး တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024