ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လူငယ်တွေ အလုပ်လုပ်နေတဲ့ နေရာနဲ့ အလုပ်ပြန်ချိန်တွေမှာ စစ်တပ်၊ အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့တွေပါဝင်တဲ့ အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၃၁ ရက်က ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် လူငယ်ကို ပန်းရံလုပ်နေတဲ့နေရာမှာ စစ်တပ်နဲ့ ပူးပေါင်အဖွဲ့က ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိကြောင်းနဲ့ ဩဂုတ် နောက်ဆုံးအပတ်ကလည်း လူငယ် ၃ ယောက် အလုပ်ကအပြန်မှာ စစ်တပ်က ဖမ်းသွားကြောင်း ပုသိမ်မြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူတယောက်က “လူငယ်တွေ အလုပ်ပြန်ချိန်တွေရယ်၊ အလုပ်လုပ်တဲ့ နေရာတွေမှာ စစ်တပ်က ဝင်ဖမ်းခေါ်တာတွေ ရှိတယ်။ ရဲစခန်းသွားမေးတော့ မသိဘူး၊ ဘယ်ဖမ်းခေါ်တာ စုံစမ်းမရဘူး”လို့ ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၄ အတွက် ပုသိမ်မြို့ပေါ် ရပ်ကွက်တွေမှာ အစည်းအဝေးခေါ်ပြီး လူတောင်းမှုတွေကို စက်တင်ဘာ ၂ ရက် ညမှာ ပြုလုပ်မယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပုသိမ်မြို့နေ လူငယ်တယောက်က “စစ်တပ်၊ ရဲတွေက တချို့လူငယ်တွေ ပုံမှားရိုက်တာ လုပ်တယ်။ စစ်မှုထမ်းဖို့အတွက် နေမယ်၊ စစ်မှုထမ်းက လူရှာမရတော့ ညဘက်တွေ ပေါ်တာဆွဲနိုင်တာပေါ့။ ကျနော်တို့မြို့ဆိုရင် ညဘက် လူရှင်းလာတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းရှိ မြို့နယ်တွေမှာ စစ်မှုထမ်းအပတ်စဉ် ၄ အတွက် လူရှာမရတာ များလာပြီး ညဘက် ပေါ်တာဆွဲနိုင်တဲ့သတင်းကြောင့် ပြည်သူတွေ သတိနဲ့ သွားလာနေရပါတယ်။
စစ်ကောင်စီက ဩဂုတ်လမှာ ပြည်သူ့ရပ်ရွာလုံခြုံရေး ခေါင်းစဉ်နဲ့ အသက် ၃၅ နှစ်နဲ့ ၆၅ နှစ် ရှိသူတွေ လုံခြုံရေးလုပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။