Home
မြန်မာသတင်း
ကျောက်ပန်းတောင်းတွင် စစ်တပ်ဗုံးကြဲသဖြင့် မိသားစုဝင် ၄ ဦး သေဆုံး၊ ကလေးမြို့က နေအိမ် ၄ လုံး မီးရှို့ခံရ
DVB
·
September 2, 2024

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် တအိမ်တည်းနေ မိသားစုဝင် ၄ ယောက် သေဆုံးပြီး ကလေးငယ်တ‌ယောက် အပါအဝင် ၂ ယောက် ဒဏ်ရာရရှိ​သွားတယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းပကဖ တာဝန်ခံတယောက်က “အဲဒီရွာနဲ့ ရွာနားဝန်းကျင်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူးဗျာ။ စစ်တပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို သက်သက်မဲ့ ဖျက်ဆီးတာပါ။ သူတို့ဗုံးကြဲလို့ မြင်းခြံကုန်းရွာမှာရှိတဲ့ နှစ်ထပ်တိုက်တလုံးပေါ် ကျပြီး အိမ်မှာရှိနေတဲ့ မိသားစုဝင် ၆ ယောက်ထဲက ၄ ယောက် ဆုံးသွားတယ်။ ၂ ယောက်ကတော့ အပြင်းအထန် ဒဏ်ရာတွေရကြတာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေယာဥ် ၂ စင်းနဲ့ မြင်းခြံကုန်းကျေးရွာကို ဗုံးကြဲချခဲ့တာကြောင့် နှစ်ထပ်တိုက်အိမ်အတွင်းရှိ အမျိုးသမီး ၃ ယောက်နဲ့ ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိတဲ့အနက် ၁၀ နှစ်အရွယ် ကလေးကတော့ ခြေတဖက်၊ လက်တဖက် ပြတ်သွားတယ်လို့ ဆိုပါတယ်။

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ သြဂုတ် ၃၁ ရက် ညနေက ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းက ဒုရဲမှူးနဲ့အဖွဲ့ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကား တိုက်ခိုက်ခံရပြီးနောက် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “ဒဏ်ရာရပြီး ခြေထောက်နဲ့လက် ပြတ်သွားတဲ့ကလေး အပါအဝင် ၂ ယောက်လုံးကို ကျနော်တို့တွေ ဆေးကုသမှုကို အထူးဆောင်ရွက်ပေးနေပါတယ်။ စစ်တပ်ရဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို အမြန်ဆုံး အရေးယူဖို့ ဆောင်ရွက်သင့်နေပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပုပ္ပါးနယ်ဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုစိုက် နေထိုင်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ဖို့ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားကြဖို့ အထူးတိုက်တွန်းထားတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးမကြဲခင် စစ်ကောင်စီကိုထောက်ခံတဲ့ မှိုင်းဝေ တယ်လီဂရန်ချန်နယ်မှာ ပုပ္ပါးနယ်တကြောကို နယ်မြေရှင်းလင်းသင့်ပြီလို့ စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ လှုံ့ဆော်ရေးသားထားခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး၊ မြို့ကြီးကုန်းကျေးရွာက ဒေသခံနေအိမ် ၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး မြို့ကြီးကုန်းရွာခံတွေကတော့ ‌ရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင်ကြပြီလို့ စက်တင်ဘာ ၂ ရက်မှာ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဩဂုတ် ၃၁ ရက် မနက်အ‌စောပိုင်းက ကလေးမြို့ပေါ်ကတဆင့် မြို့ကြီးကုန်းရွာဘက်ကို စစ်ကြောင်းထိုးဝင်ခဲ့ပြီး ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

ဒေသခံတယောက်က “မနက်အစောကြီး စစ်သားတွေက ဇင်းကလင်းက‌နေ ရွာထဲဝင်လာတာ။ ရွာကနေ ရုတ်တရက် ထွက်ပြေးကြရတာရှင့်။ အဲဒါမှာ နေ့လယ်လောက်ရောက်တော့ ရွာက မီးခိုးတွေတက်ခဲ့တာ မြင်ရတော့ ရွာမီးရှို့ခံရပြီဆိုတာ သိလိုက်ပြီ။ သူတို့ နေ့ချင်းပဲ ရွာထဲက ထွက်သွားကြတယ်။ ကျမတို့ ဒီနေ့မှ ရွာထဲဝင်ကြတာ။ အားလုံးတော့ မဝင်ကြသေးဘူး။ တော်တော်များများတော့ ရွာထဲဝင်ကြပြီ” လို့ ပြောပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်၊ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ မြို့ကြီးကုန်းရွာက ဒေသခံတွေကတော့ လက်ရှိမှာ ကျေးရွာတွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ကြပြီလို့ ဆိုပါတယ်။

စစ်ကောင်စီက တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ မြို့ကြီးကုန်းရွာကို မီးရှို့ခဲ့သလို စစ်ကြောင်းထိုးစဉ် ကလေးမြို့ကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။

အဆိုပါ စစ်ကြောင်းထိုးမှုနဲ့ ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြို့ကြီးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၁ ရက်ကလည်း စစ်ကောင်စီက ကလေးမြို့အနီး သုံးအိမ်စုရွာက နေအိမ် ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၅,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ နေအိမ်ပေါင်း ၉၅,၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024