မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္တီလာကားလမ်းပေါ်မှာ ဩဂုတ် ၃၁ ရက် ညနေ ၄ နာရီ၀န်းကျင်က စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကားကို PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးအပါအ၀င် ရဲတပ်ဖွဲ့၀င် ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒုရဲမှူးအပါအ၀င် ရဲတပ်ဖွဲ့၀င် ၃ ဦး စီးနင်းလာတဲ့ Mark X အမျိုးအစားကားဟာ မိတ္ထီလာဘက်ကနေ ကျောက်ပန်းတောင်းမြို့ဘက်ကို မောင်းနှင်လာစဥ် ဝက်ချုပ်ကုန်းကျေးရွာအနီးမှာ ပစ်ခတ်ခဲ့တာကြောင့် လမ်းဘေးကို ကားထိုးကျသွားခဲ့ပြီး ကျောက်ပန်းတောင်းမြို့မရဲစခန်းက ဒုရဲမှူး အောင်ကျော်ထွန်း၊ နယ်ထိန်း ဒုရဲအုပ် ရန်ရှင်းနဲ့ တပ်ကြပ် မြတ်သူတို့ နေရာမှာတင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် ပကဖ ရဲ့ တာ၀န်ခံတဦးက “ကျနော်တို့ တပ်ပေါင်းစုတွေ ကျောက်ပန်းတောင်း-မိတ္တီလာ ကားလမ်းပေါ်မှာ လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးဆောင်ရွက်နေတဲ့အချိန် ရဲ ၃ ယောက် စီးလာတဲ့ကားကိုတားတော့ အသာတကြည် ရပ်မပေးဘဲ မောင်းပြေးသွားပြီး ကားထဲမှာ သူတို့ သေနတ်တွေ မောင်းတင်တာကို ကျနော်တို့ လှမ်းမြင်လိုက်လို့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါဗျာ။ သူတို့ဘက်က ဘာမှ ပြန်လုပ်ချိန်မရလိုက်ဘူး” လို့ ပြောပါတယ်။
ကားပေါ်ကနေ သေနတ် BA 72 သေနတ် ၁ လက်၊ BA 94 သေနတ် ၁ လက်၊ BA 93 သေနတ် ၁ လက်၊ ခြောက်လုံးပြူးသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ၀န်ထမ်းကတ်တွေနဲ့ ငွေသားအနည်းငယ် သိမ်းဆည်းရရှိခဲ့ ပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် ပကဖ ရဲ့ တာ၀န်ခံတဦးက “အဲဒီကားထွက်လာတာကို သူတို့တပ်ဖွဲ့ထဲက ဖရဲသီးက သတင်းပေးတာကြောင့် ကျနော်တို့တွေ စောင့်ဖမ်းခဲ့တာ။ လိုချင်တာကတော့ အရှင်ဖမ်းချင်တာ။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။ ကျနော်တို့တွေဘက်က ကံကောင်းတယ် ပြောရမှာပေါ့။ ကျနော်တို့ဘက်က ဘာအထိအခိုက်မှမရှိဘဲ လက်နက်တွေ သိမ်းပြီးပြန်လာခဲ့တယ်” လို့ ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB အနေနဲ့ ကျောက်ပန်းတောင်း မြို့မရဲစခန်းက ရဲတပ်ဖွဲ့၀င်တဦးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြုဖြေဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ပန်းတောင်း)၊ ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တောင်သာမြို့နယ် ပကဖ တွေနဲ့ LACR (မြင်းခြံ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁ ရက် ည ၇ နာရီ၀န်းကျင်က ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံကုန်းကျေးရွာနဲ့ သနပ်ပင်ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူတချို့ သေဆုံးဒဏ်ရာရခဲ့ ပါတယ်။