Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်း ၃ ရက်ဆက်မိုင်းဆွဲခံရ
DVB
·
September 1, 2024
Photo - တနင်္သာရီမြို့နယ်ဘက်ကို ထွက်လာသည့် စစ်ကားနှစ်စီး ပုံဟောင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းတွေ ၃ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံး၊ ထိခိုက်သူအများအပြားရှိတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းအချိန်က ဇဝဲအခြေစိုက် အမရ ၅၅၆ တပ်ရင်းကနေ ထွက်လာတဲ့ ရိက္ခာကား ၂ စီးကို ဇဝဲရွာနဲ့ ပြင်ဝန်းရွာကြားမှာ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တနင်္သာရီ ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုရပ်သွားချိန်မှာ ဇဝဲအမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကားတစီးတက်လာပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက် မောင်းနှင်ထွက်ခွာသွားတယ်လို့  သိရပါတယ်။

မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ကိုဏကြီးက “ဆန်အပြည့်တင်လာတဲ့ကားတစီးနဲ့ ရိက္ခာ ကားတစီး တက်လာတယ်။ စစ်သားတွေက ကားနောက်မှာအရပ်ဝတ်တွေနဲ့ လိုက်လာတယ်။ မိုင်းဆွဲပြီး အပြန်အလှန် ပစ်ခတ်ကြတာပေါ့။ သေနတ်သံ ရပ်သွားတာနဲ့ ဇဝဲတပ်ကနေ လက်နက်ကြီး ထုတ်တယ်။  ပြီးတော့ နောက်ကနေ ကားတစီးတက်လိုက်လာပြီးတော့ စက်လက်နက်ငယ်နဲ့ ဆွဲပြီး မောင်းတက်သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းက ဘန်းလမွတ်ကျေးရွာအုပ်စု၊ ချောင်းညီကိုရွာအနီးမှာ စစ်ကောင်စီရိက္ခာကားတစီးကို ပထမတကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ရမ်းဖိုရွာအနီးမှာပါ နောက်တကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ  လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းကလည်း ဇဝဲရွာ အမရ ၅၅၆ တပ်ရင်းကနေ တနင်္သာရီဘက်ကို တက်လာတဲ့ ရိက္ခာကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ မိုင်းကမပေါက်ကွဲခဲ့တာကြောင့် ခြေလျင်စစ်ကြောင်းကို မိုင်းခွဲခဲ့တယ်လို့ လို့ ပြောပါတယ်။

တာဝန်ခံ ကိုဏကြီးက “ရိက္ခာကားကို ပထမအကြိမ် မိုင်းဆွဲတာ ဂျမ်မာ ပါလို့လား မသိဘူး။ မိုင်းမပေါက်ဘူး။ အဲဒါနဲ့ ရိက္ခာကားထွက်သွားပြီးချိန်မှာ ဇဝဲနဲ့ ပြင်ဝန်းကြားမှာ လမ်းကင်းချပြီး တက်လာတဲ့ စကစတွေကို မိုင်းဆွဲလိုက်တယ်”လို့ ဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇဝဲအမြောက်တပ်ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ခြေလျင်တက်လာတာဖြစ်ပြီး ဇဝဲရွာနဲ့ ပြင်ဝန်းကြားမှာ မိုင်းဆွဲလိုက်ပြီးနောက် ရမ်းဖိုရွာနားမှာ နောက်တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်သား ၄ ယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကြောင်းဟာ ရမ်းဖိုရွာမှာ စစ်ကြောင်းခွဲပြီးတော့ အနောက်ဘက် ဆီအုန်းတောကနေ  ညောင်ပင်ကုန်းနဲ့ ဘန်းလမွတ်ရွာဘက်ကိုထွက်ခွာသွားခဲ့ပြီး မြိတ်-တနင်္သာရီကားလမ်းမကို စစ်တပ်က ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013