ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ စစ်ပြန်ကွင်းကျေးရွာမှာ ဩဂုတ် ၃၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်က ကျေးရွာဒေသခံ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်ခဲ့တယ်လို့ သိရပါတယ်။
မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးဟာ အသက် ၃၀ အရွယ်ခန့်ရှိပြီး စစ်ပြန်ကွင်းကျေးရွာ အရှေ့ဘက် ကိုးထစ်(ဂဝံ)ကျောက်တောင် ဘုန်းကြီးကျောင်းမှာ ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်က ရိုက်နှက်ပြီး မုဒိမ်းကျင့်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“နေ့ခင်းဆို သူ့အဖေနဲ့ ကျောင်းဝေယျာဝစ္စ ကူလုပ်ပေးတာ။ အခင်းဖြစ်ချိန်မှာ သူ့အဖေနဲ့ ဘုန်းကြီးက ကျောင်းမှာမရှိဘူး။ စစ်သားတွေက ထမင်းတောင်းစားဖို့လာတာ ဖြစ်မယ်ထင်တယ်။ ကျောင်းနောက်ဖေးပေါက်ကနေ ဝင်လာတာ။ ကောင်မလေး တယောက်တည်း ရှိတာသိပြီး ပါးတွေနားတွေရိုက်၊ သေနတ်ဒင်နဲ့ထုပြီး ဝိုင်းမုဒိမ်းကျင့်တာ။”
မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးဟာ သတိလစ်မေ့မြောတဲ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
အဲဒီလုပ်ရပ်အပြင် စစ်ကောင်စီက ပဲခူရိုးမအတွင်းက ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုံးဝကန့်ကွက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ဝာာဝန်ရှိသူက ပြောပါတယ်။
“စစ်ကောင်စီက ခုလို မုဒိမ်းမှုတွေအပြင် ရွာတွေမီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်တဲ့ အလုပ်မျိုးတွေ လုပ်နေတာကြောင့် ပြည်သူလည်းမုန်း စစ်လည်းရှုံးနေပြီး ကျနော်တို့အနေနဲ့ စစ်ကောင်စီကိုရော စစ်ကောင်စီဒေါက်တိုင် မှန်သမျှကိုရော ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်။”
ဩဂုတ် ၂၉ ရက်ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဒေသခံ ကလေးအမေ အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်ခဲ့ကြပြီး ယောကျ်ားဖြစ်သူကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။