Home
မြန်မာသတင်း
ထိုင်းတက္ကစီသမားကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာအမျိုးသား ဝန်ခံ
DVB
·
September 2, 2024
Photo-BangkokPost

ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းတယောက်ကို သတ်ခဲ့ပြီး ဆမွတ်ပရာကန်ခရိုင်၊ ဘန်ဖီက  ငါးကန်တခုနားမှာ အလောင်းကို ပစ်ထားခဲ့တယ်လို့ သံသယရှိ စွပ်စွဲခံရတဲ့ မြန်မာအမျိုးသားက ဖမ်းဆီးခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ရဲတွေကို ဝန်ခံလိုက်တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ တက္ကစီယာဉ်မောင်း အမျိုးသားကိုတော့ အသက် ၆၃ နှစ်အရွယ် မီးချိုင်လို့ သတင်းမှာ ဖော်ပြပြီး သံသယရှိသူ အမျိုးသားက သတ်ဖြတ်ခဲ့ပြီးနောက် ရုပ်အလောင်းကို ချက်ကရီ နာရူဘောဒင်ဒရာ ဆေးပညာဌာနအနီး ငါးကန်နားက မြက်ခင်းတွေထဲမှာ ဝှက်ထားခဲ့တာကို ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက် မနက်မှာ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ရဲတွေက အသက် ၄၂ နှစ်အရွယ် မောင်စိုးမင်း (ခေါ်) ဆန်း အမည်ရတဲ့ မြန်မာအမျိုးသားကို လူသတ်မှု သံသယနဲ့ နွန်ထဘူရီခရိုင်၊ ဘန်ဘွာထောင်က အိမ်တအိမ်ထဲမှာ အဲဒီနေ့ညမှာပဲ ဖမ်းဆီးလိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ တရားခံ အမျိုးသားက သူ သတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပြီးတဲ့နောက် ခုမှသာ သူတယောက်တည်း သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုလိုက်တာလို့ ဆိုပါတယ်။

မီးချိုင်ရဲ့ ရုပ်အလောင်းမှာတော့ နောက်ကျောဘက်ကနေ ကြိုးနဲ့ချည်နှောင်ထားပြီး ဦးခေါင်းကို ထုရိုက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံထားတဲ့ အမျိုးသားဟာ မီးချိုင်ရဲ့ အလောင်းကို ချုံပုတ်တွေနဲ့ ဖုံးအုပ်ထားခဲ့ပေမဲ့ အသတ်ခံရပြီး မကြာမီမှာပဲ ရေကန်မှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတယောက်က တွေ့ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက လမ်းတလျှောက် စီစီတီဗွီ လုံခြုံရေးကင်မရာတွေကတဆင့် နောက်ကြောင်းလိုက် စစ်ဆေးခဲ့ကြချိန်မှာ သံသယရှိသူရဲ့အိမ်ကို တွေ့ရှိခဲ့တဲ့အပြင် တရားခံအမျိုးသား ဆန်းရဲ့ အိမ်မှာ အခင်းဖြစ်ပွားရာနေရာမှာ ဝတ်ထားတဲ့ သူ့ရဲ့  ရွှံ့စွန်းနေတဲ့ အဝတ်အစားတွေနဲ့ သေဆုံးသူရဲ့ ဖုန်းကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံထားတဲ့ ဆန်းဟာ သေဆုံးသူ မီးချိုင်ရဲ့ တက္ကစီကို သူ့အိမ်ဆီ ပြန်မောင်းလာခဲ့ပြီး အိမ်နဲ့ မီတာ ၂၀၀ လောက်အကွာမှာ ရပ်ထားခဲ့ပြီးမှ သူ့နေရာကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အစောပိုင်းမှာလည်း သူက သေဆုံးသူရဲ့ မိသားစုဆီကနေ ဘတ်ငွေ ၂၀,၀၀၀ ငွေညှစ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

မိခင်ဖြစ်သူရဲ့ ပြောကြားချက်အရ မူးယစ်ဆေးဝါး ပြဿနာရှိတဲ့ ဆန်းဟာ အစောပိုင်းမှာ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ပြီး မီးချိုင်ကို သတ်သူဟာ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားတယောက်ဖြစ်ပြီး အခင်းဖြစ်ပွားချိန် တနင်္လာနေ့ညပိုင်းမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့ အတူသွားခဲ့တာဖြစ်ကာ မီးချိုင်ဟာ သူတို့ရဲ့ တက္ကစီယာဉ်မောင်း ဖြစ်တယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားနဲ့ တက္ကစီယာဉ်မောင်း မီးချိုင်တို့ဟာ ကြွေးမြီကိစ္စနဲ့ စကားအချေအတင် ကတောက်ကဆ ဖြစ်ခဲ့ကြပြီး မီးချိုင်ကို ဓားနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ မြန်မာအမျိုးသားက ရဲတွေကို ထွက်ဆိုထားပြီး နောက်ပိုင်းဖြစ်တဲ့ ကိစ္စတွေကို မသိရှိဘူးလို့ ပြောပါတယ်။

ရဲတွေကတော့ သူတို့ စစ်ဆေးတွေ့ရှိရတဲ့ အထောက်အထားတွေဟာ တခြားနည်းလမ်း တခုခုနဲ့ ဖော်ပြနေတာကြောင့်  မြန်မာအမျိုးသားရဲ့ ထွက်ဆိုချက်တွေကို မယုံလိုသေးဘူးလို့ ပြောထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန်းကြယ်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ ပတ်သက်ပြီးတော့ ဆန်းရဲ့ ထွက်ဆိုချက်ဟာ အဓိပ္ပာယ်မရှိကြောင်း ရဲတွေက ကောက်ချက်ချပြီးနောက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ သူတယောက်တည်း လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

တရားခံ ဆန်းဟာ အခင်းဖြစ်တဲ့နေ့က သူ့ရဲ့ အရင်ဆောက်လုပ်ရေးအလုပ်ဟောင်းက တူအပါအဝင် ကိရိယာတွေ သယ်လာခဲ့ပြီး မီးချိုင်ရဲ့ခေါင်းကို တူနဲ့ ထုရိုက်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။

သူတို့နှစ်ယောက်ဟာ လမ်းခရီးအတွက် ယာဉ်စီးခ ဘတ်ငွေ ၂,၀၀၀ ပေးဖို့ သဘောတူခဲ့ပေမဲ့ ဆန်းက စီးနင်းချိန်မှာ သူ့မှာ ပိုက်ဆံမရှိတဲ့အတွက် အဲဒီအစား မူးယစ်ဆေးဝါးတွေ အစားထိုးပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မီးချိုင်က ကန့်ကွက်ခဲ့ပြီးနောက်မှာတော့ ဆန်းက သူ့ကို လုယက်တယ်ခဲ့လို့ ဆိုပါတယ်။

အဲဒီနောက်မှာ သူအလုပ်မပြုတ်ခင်က အလုပ်လုပ်ခဲ့တဲ့ နေရာတဝိုက်က ငါးကန်ဆီ မောင်းနှင်ခိုင်းခဲ့ပြီးနောက် လူသတ်မှု ကျူးလွန်ခဲ့ပြီး လတ်တလောမှာတော့ ဆန်းကို ဓားပြမှု၊ လူသတ်မှု၊ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဖုံးကွယ်မှု စတာတွေနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013