ဧရာဝတီတိုင်းကနေ ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တယောက် ပေါ်တာအဆွဲခံရပြီး ရှေ့တန်းအပို့ခံရတာကြောင့် တိုက်ပွဲမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့ လူငယ် တယောက်ကို ပြီးခဲ့တဲ့ မေလထဲမှာ စစ်ကောင်စီတပ်က လှိုင်သာယာ အလုပ်ရုံတခုက အပြန် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ရှမ်းပြည်နယ်တိုက်ပွဲကို ပို့ခဲ့တာလို့ ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “ကလေးက ပျောက်နေတာ ရှာမရဘူးပေါ့။ နောက်တော့ စက်ရုံကအပြန်မှာ ပေါ်တာအဆွဲခံရတာလို့ သိခဲ့ရတာ။ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်က စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးကတဆင့် နေရပ်လိပ်စာနဲ့ လိုက်ပြီး စစ်မှုထမ်းခေါ်တာ ခံရတာပေါ့။ ရှေ့တန်းမှာ တိုက်ပွဲကျသွားတယ်။ ရှမ်းပြည်နယ်ဘက်မှာကျတာ။ နာရေးကိစ္စ လုပ်ချင်လုပ်ရအောင်လို့ အကြောင်းကြားတာလို့ လှမ်းဆက်သွယ်ပြောတာ” လို့ ပြောပါတယ်။
အဲဒီ အဓမ္မ ပေါ်တာအဆွဲခံရတဲ့ လူငယ်ဟာ အသက် ၁၇ နှစ်အရွယ်သာရှိပြီး ရှမ်းပြည်နယ်က တိုက်ပွဲမှာ ကျဆုံးတာဖြစ်လို့ တပ်မတော်က ထောက်ပံ့ပေးမယ်လို့ သေဆုံးသူလူငယ်ရဲ့ မိသားစုတွေကို ဆက်သွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပေါ်တာဆွဲ အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်နဲ့ မိသားစုတော်စပ်သူတယောက်က “ထောက်ပံ့ကြေးပေးမယ်ပေါ့ ပြောသေးတာ။ သူတို့ကတော့ အပြောကောင်းတာပေါ့။ ကောင်လေးရဲ့အမေ ဒေါ်သန်းက အခု ရူးသလို ဖြစ်နေပြီ။ အချိန်ပြည့် ငိုယိုနေတာ။ တကယ့်ကို စိတ်မကောင်းစရာပါပဲ” လို့ ပြောပါတယ်။
အတင်းအဓမ္မ ပေါ်တာအဆွဲခံရပြီး ရှေ့တန်းအပို့ခံရတဲ့ လူငယ်နဲ့ မိသားစုတွေမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ကို ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်ကနေ ပြောင်းရွှေ့ အလုပ် လုပ်နေတာ ၂ နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။