ရန်ကုန်ကနေ တာချီလိတ်ကိုသွားမယ့် မြန်မာပြည်တွင်း လေယာဉ်လက်မှတ်ခဟာ အသွားအပြန် ကျပ် ၁၀ သိန်း ကျော်လာပြီလို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်အထိ ရန်ကုန်ကနေ တာချီလိတ်သွားမယ့် လေယာဉ်လက်မှတ်ခဟာ ကျပ် ၃ သိန်းခွဲသာရှိခဲ့ပေမဲ့ အခုအခါ ကျပ် ၅ သိန်းကျော်အထိ ရှိလာတယ်လို့ ရန်ကုန်ကနေ တာချီလိတ်မြို့ကို သွားရောက်ခဲ့သူတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံတယောက်က “လေကြောင်းလိုင်းတွေရဲ့ ဈေးနှုန်းက တခုနဲ့တခုတော့ မတူဘူး။ Air KBZ ဆိုရင် ငါးသိန်းနှစ်သောင်းလောက် ရှိတယ်။ Air Than Lwin ဆိုရင် လေးသိန်းခွဲလောက် ပေးရတယ်။ လေယာဉ်လက်မှတ်ကလည်း ဖြတ်ချင်တိုင်း ဖြတ်မရဘူး၊ ကြိုတင်ဘိုကင်တင်ထားမှ ရတာ။ ကိုယ်က အသွားအပြန် ဆိုတော့ လေယာဉ်လက်မှတ်ခတင် ၁၀ သိန်းကျော်လောက် ကုန်သွားတယ်” လို့ ပြောပါတယ်။
ဒီလို လေယာဉ်လက်မှတ်ခတွေ မြင့်တက်လာတာဟာ အထက်လူကြီးတွေက သတ်မှတ်ပေးတာဖြစ်ပြီး ဘာကြောင့် ဈေးနှုန်းမြှင့် ရောင်းချရတယ် ဆိုတာတော့ မသိရဘဲ လေယာဉ်လက်မှတ်ဖြတ်မယ်ဆိုရင် သတ်မှတ်ထားတဲ့ ခရီးသွားထောက်ခံစာတွေနဲ့ စမတ်ကတ်၊ မှတ်ပုံတင်တွေ တင်ပြရမယ်လို့ Air KBZ လေကြောင်းလိုင်းမှ လက်မှတ်ရောင်းဝန်ထမ်းတယောက် ပြောပါတယ်။
“ဒီနေ့ဖြတ်၊ ဒီနေ့ သွားလို့တော့ မရဘူးရှင့်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ကြိုတင်ဘိုကင်တော့တင်ရပါတယ်။ အဲဒီကို လမ်းကြောင်းရှိတဲ့အချိန်မှာ ညီမတို့ ပြန်အကြောင်းကြားပေးပါတယ်။ လက်မှတ်ခ ဘာလို့ ဈေးတက်တာလဲဆိုတာတော့ ညီမတို့လည်း မသိရပါဘူး။”
၂၀၂၂ ကနေ ၂၀၂၄ ခု ဇူလိုင်လလောက်အထိ ရန်ကုန်-တာချီလိတ် လေယာဉ်လက်မှတ်ခဟာ ကျပ် ၁ သိန်းခွဲသာရှိခဲ့ပြီး စက်သုံးဆီနဲ့ ဒေါ်လာဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာပြီးတဲ့နောက် လေယာဉ်လက်မှတ်ခတွေဟာလည်း လိုက်ပါမြင့်တက်လာတာ ဖြစ်နိုင်တယ်လို့ ခရီးသွားပြည်သူတွေက သုံးသပ်နေကြပါတယ်။