Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာကလေးများ ပညာသင်နေသည့် ‘မေတ္တာရိပ်’ ကျောင်း အပိတ်ခံရ
DVB
·
September 5, 2024
Photo - စာသင်ကျောင်းရပ်ဆိုင်း ဆိုင်းဘုတ်ထောင်နေစဉ်

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီမြို့၊ ဘန်ကုန့်ရပ်ကွက်ထဲမှာ ဖွင့်လှစ်ထားတဲ့ “မေတ္တာရိပ်” အမည်ရှိ  ပညာသင်ကျောင်းတကျောင်းဟာ ဥပဒေနဲ့မညီညွတ်တဲ့အတွက် သက်ဆိုင်ရာက ရပ်ဆိုင်းကြောင်း အမိန့်ထုတ်ထားတယ်လို့ Transborder ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါပညာသင်ကျောင်းဟာ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာ မဟုတ်တဲ့အတွက် ကျောင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ ရပ်စဲထားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း စူရတ်ဌာနီခရိုင် ပညာရေးရုံးက စက်တင်ဘာ ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကာ ကြေညာချက်ကိုလည်း ကျောင်းရှေ့မှာ ဆိုင်းဘုတ်ထောင်ထားပါတယ်။

ကျောင်းပိတ်ရတဲ့ အကြောင်းရင်း အပြည့်အစုံကို မသိရပေမဲ့လည်း ဒီမတိုင်ခင် ရှေ့ကတော့ အဆိုပါကျောင်းက ကျောင်းသူ ကျောင်းသားတွေဟာ မနက် တန်းစီ အလေးပြုချိန်မှာ  ထိုင်းနိုင်ငံတော်သီချင်း ဆိုပြီးတဲ့နောက် မြန်မာနိုင်ငံတော်သီချင်းပါ ဆက်ဆိုကြတယ်။ အဲဒီကိစ္စ ထိုင်းလူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

“မြန်မာနိုင်ငံတော်သီချင်း ဆိုသံဟာ ထိုင်းနိုင်ငံတော် သီချင်းသံထက် ပီသ ကျယ်လောင်နေတယ်”၊ “ထိုင်းအာဏာစက်ထဲမှာ မြန်မာနိုင်ငံတော်သီချင်း ဆိုတာ မသင့်လျော်ဘူး” စသဖြင့် ဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မေတ္တာရိပ် ပညာသင်ကျောင်းဟာ ဥပဒေနဲ့အညီ ဖွင့်လှစ်ခြင်း ရှိ၊ မရှိ စိစစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ စူရတ်ဌာနီခရိုင် ပညာရေးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းချုတ်ဒီ ဆထားကန်ရဲ့ ညွှန်ကြားချက်အရ ဒုညွှန်မှူး ဒေါက်တာ ဆောဝ်ဝဖို့ဒ် ရတ်တန်ပူရီနဲ့ တာဝန်ရှိသူတွေဟာ အဆိုပါကျောင်းကို စက်တင်ဘာ ၃ ရက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ စူရတ်ဌာနီခရိုင်ပညာရေးရုံး လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါပညာသင်ကျောင်းဟာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့ ကလေးတွေအတွက် ပညာရေးပေါင်းကူးမှုကို ဆောင်ရွက်နေတာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၁,၀၀၀ ခန့် ရှိပါတယ်။ ဒါပေမဲ့ ထိုင်းပညာရေးပြဋ္ဌာန်းချက် ပုဒ်မ ၁၂ နဲ့အညီ မှတ်ပုံတင်ထားခြင်းမရှိဘူး။ စာသင်ကျောင်း ရပ်ဆိုင်းလိုက်တဲ့ ကိစ္စမှာတော့ ကျယ်ပြန့်စွာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကျောင်းနဲ့  အလားသဏ္ဌာန်တူ ပညာသင်ကျောင်းတွေ ထိုင်းမှာ ၆၃ ကျောင်းလောက် ရှိပြီး မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ကလေး ၂၀,၀၀၀ ထက်မနည်း ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းပညာရေးဌာနဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လကလည်း အန်ထောင်းခရိုင်ရှိ ထိုင်းရတ်ဝိ ထယား အမှတ် ၆ ကျောင်းမှာ ပညာသင်ကြားနေတဲ့ အထောက်အထားမဲ့ မြန်မာကလေး ၁၂၆ ယောက်ကို လက်မခံဘဲ ပြန်ပို့ခဲ့တယ်၊ ဒီနှစ် မတ်လကလည်း လုပ်ပူရီခရိုင် ဘန့်မီမြို့နယ် ဆဝမ်အာရုဏ်ကျောင်းတိုက် မြန်မာရှင်သာမဏေ ၁၉ ပါးဟာလည်း အထောက်အထားမရှိလို့ မြန်မာပြည် ပြန်ပို့ခံခဲ့ရတယ်။ ဒီအကြောင်းအရာတွေဟာ နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းကလေးတွေ၊ ဒုက္ခသည်ကလေးတွေရဲ့ ပညာရေးပေါ်လစီပေါ် ပြတ်သားမှုမရှိတဲ့အကြောင်း စောင့်ကြည့် ဝေဖန်ခံနေရတယ်လို့ ဆိုပါတယ်။

မေတ္တာရိပ်ကျောင်း ရပ်ဆိုင်းခံရတာနဲ့ပတ်သက်ပြီး ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ရွှေ့ပြောင်းလုပ်သား ကလေးများ ပညာရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်ကတော့ DVB ကို ခုလိုပြောပါတယ်။

“ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းကလေးတွေရှိတဲ့ ကျောင်းအပိတ်ခံရတဲ့အပေါ်မှာ လုံးဝ စိတ်မကောင်းဘူး။ ထိုင်းနိုင်ငံထဲမှာ ကျနော်တို့ မြန်မာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ကျောင်းတွေကို ပုံစံပေါင်းစုံနဲ့ ဖွင့်နေတာ တွေ့ရတယ်။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ အစိုးရက သတ်မှတ်ထားတဲ့ နည်းဥပဒေ စည်းမျည်းစည်းကမ်းတွေ လိုက်နာဖို့ လိုပါတယ်။ ဒေသခံ ထိုင်းပြည်သူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ တစုံတယောက်က တိုင်ကြားလိုက်ရင် စစ်ဆေးခံရ၊ အရေးယူ ဆောင်ရွက်ခံရတာတာတွေ ရှိတယ်။  ရွှေ့ပြောင်းပညာရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရော မြန်မာအစိုးရပါ တိကျရှင်းလင်းတဲ့ မူဝါဒတွေလည်း ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

FED အဖွဲ့အစည်းကတော့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတည်းက မြန်မာရွှေ့ပြောင်းကလေးများ ပညာရေးကို စတင်ဆောင်ရွက်ခဲ့ပေမဲ့လည်း ထိုင်းအစိုးရရဲ့ Education for All ဆိုတဲ့ ပညာရေးပေါ်လစီနဲ့အညီ ထိုင်းအစိုးရကျောင်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။  FED ကျောင်းက အောင်တဲ့ နှစ်စဉ် ကျောင်းသားဦးရေ ၁၅၀ ခန့်ကို ထိုင်းကျောင်းကို ဆက်ပို့တယ်၊ ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်မယ်လို့ ပြောသွားပါတယ်။

Source - transborder news

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013