Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် တချိန်တည်း အကြမ်းဖက် ဖောက်ခွဲမှု ၄၅ ကြိမ်ဖြစ်ပွား၊ မြန်မာအလုပ်သမား ၁ ဦး သေဆုံး 
DVB
·
March 25, 2024
ThaiExplosion_25032024

ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် အပါအဝင် ခရိုင်ပေါင်း ၄ ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက် ဖောက်ခွဲမှု တချိန်တည်း ၄၅ ကြိမ်ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများကာ မြန်မာလုပ်သား အမျိုးသမီးတဦးပါ ‌ထိမှန်သေဆုံးသွားခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဖောက်ခွဲမှုတွေဟာ ပတ္တနီ၊ ယလား၊ နာရာသီဝပ်၊ ဆုန်ခလာ စတဲ့ ၄ ခရိုင် မြို့နယ်ပေါင်း ၁၀ ကျော်မှာ မတ် ၂၂ ရက် ညဉ့်သန်းခေါင်ကျော်နဲ့ မတ် ၂၃ ရက် မနက် ၁ နာရီခွဲကြားမှာ တပြိုင်နက်တည်း ဖြစ်ပွားခဲ့ကြောင်း၊ စီစီကင်မရာမှ ပြန်လည်စစ်ဆေးချက်အရ  ကြီးမားတဲ့ ဖောက်ခွဲမှုမှာ အကြမ်းဖက်သမားတွေဟာ ၇-၈ ဦးခန့်ရှိပြီး အငယ်စားဖောက်ခွဲမှုမှာ ၃-၄ ဦးသာရှိတယ်၊ သူတို့တွေဟာ  မာ့က်စ်တပ်ပြီး အနက်ရောင်ဝတ်စုံတွေနဲ့  တာဝန်ရှိဝန်ထမ်းပုံကို အသွင်ဆောင်ထားကြတယ်တယ်လို့ လုံခြုံရေး တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။  

ဖောက်ခွဲမှုပြီးတိုင်း တာဝန်ရှိသူတွေ အနောက်က လိုက်မလာအောင် လမ်းပေါ်မှာ ကားတာယာတွေ မီးရှို့ပြီး ပိတ်ခဲ့တယ်၊ အားလုံးဟာ ပုံစံတူ တချိန်တည်းဖြစ်တာကြောင့် သေသေချာချာ ကြိုတင်ပြင်ဆင်ခဲ့ကြတယ်၊ အကြမ်းဖက်အဖွဲ့ဝင်ပေါင်း ၁၀၀ ကျော်ရှိလိမ့်မယ်လို့ ဆိုပါတယ်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမ တဦး သေဆုံးခဲ့ရတာကတော့ ပတ္တနီခရိုင် မာယောမြို့နယ် ကော်ကျန်းရပ်ကွက်ထဲမှာ ဖြစ်ကြောင်း၊ အကြမ်းဖက်သမားတွေက ရပ်ကွက်ထဲရှိ ဆောက်လက်စ (ပြီးလုဆဲ) PTT ဓာတ်ဆီဆိုင်မှာ ဂက်စ်အိုး နှစ်လုံးတည်ပြီး ဖောက်ခွဲခဲ့ပြီး ပေါက်ကွဲမှု ပြင်းထန်တာကြောင့် အဲဒီဝင်းထဲက 7/11 အစားအသောက်နဲ့ လူသုံးကုန်ဆိုင်ပါ ပျက်စီးကာ ဓာတ်ဆီဆိုင်အနောက်ဘက်က ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကိုပါ ထိခိုက်ခဲ့ကြောင်း၊ အဲဒီတန်းလျားမှာ အိပ်နေတဲ့သူတွေကို ပေါက်ကွဲမှုအပိုင်းအစ လွှင့်စဉ်တာကြောင့် မိမိဆိုင် ဆိုသူ အသက် ၂၇ နှစ်ရွယ် မြန်မာအလုပ်သမားတယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန်သူတွေတော့ ဒဏ်ရာကြီးကြီးမားမားမရဘူးလို့ ဆိုပါတယ်။ 

လေးခရိုင် ပျက်စီးဆုံးရှုံးမှုတွေထဲမှာ  ဆောက်လုပ်ရေးစ္စည်းဂိုဒေါင်၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်၊ ကုန်ပစ္စည်းအရောင်းဆိုင်၊ ယာ့လားကြယ်သုံးလုံးကုမ္ပဏီ၊  7/11 ကုန်စုံဆိုင်၊ ဓာတ်မီးတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်၊ မော်တော်ကား၊ ဆိုင်ကယ်တွေ ပါဝင်ပြီး ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးခဲ့ပါတယ်။ 

အခင်းဖြစ်ပွားပြီး မိုးလင်းတော့ ထိုင်းတရားရေးဝန်ကြီး ဗိုလ်မှူးကြီး ထဝီးဆွပ်ဆောင် ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ အဆိုပါခရိုင်တွေထဲ လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ပျက်စီးဆုံးရှုံးမှုတွေအတွက် ထောက်ပံ့ကြေးတွေပေးဖို့ စီမံခန့်ခွဲခဲ့ကြောင်း၊  နယ်မြေလုံခြုံရေး ပိုမိုတင်းကျပ်ပြီး ဝန်ထမ်းဦးရေတွေ တိုးမြှင့်ချထားကြောင်း၊ အကြမ်းဖက်သမားတွေကို တအိမ်တက်ဆင်း ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေကြကြောင်း၊ ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်လည်း မလေးရှားဝန်ကြီးချုပ်ထံ ဖုန်းဆက်တိုင်ပင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မတ် ၂၄ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်မှာလည်း နာရာသီဝပ်ခရိုင် ကျနဲ့မြို့နယ် ဒုဆုန်းယော်အုပ်စု ဘန့်လိုပေါ် နဲ့ ဒုဆုန်းယော်ကြား  နယ်မြေခံစစ်တပ်အနီးမှာ ပေါက်ကွဲမှုတကြိမ် ထပ်မံဖြစ်ပွားပြီး ဒဏ်ရာရသူတော့ မရှိပါဘူး။ 

ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် ၃ ခရိုင်မှာ အစ္စလာမ်တွေ အများစုနေထိုင်ပြီး ထိုင်းနိုင်ငံကနေ ခွဲထုတ်ချင်တဲ့ အုပ်စုဟာ နှစ်နဲ့ချီ  အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေတာပါ။

ကိုးကား - mgronline/thaipost

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013