Home
မြန်မာသတင်း
မြင်းခြံတွင် စစ်တပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး၊ မင်းတုန်းပြည်သူများ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ
DVB
·
September 10, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စက်တင်ဘာ ၈ ရက်က စစ်ကောင်စီတပ်​သားတွေ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “မြင်းခြံမြို့နယ်ထဲက ခင်မကန်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ အဲဒီရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ပြုံး ဗုံးစထိပြီး ဆုံးသွားတယ်။ ကလေးငယ်တယောက်လည်း ဒဏ်ရာရလို့ ဆေးကုနေရတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက မြင်းခြံအရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ မြောက်ကုန်းကျေးရွာနဲ့ သစ်ပင်ရှည်ကျေးရွာတွေက အမျိုးသား ၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ကလည်း မြင်းခြံမြို့ပေါ်ကို ဈေးဝယ်လာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုသူ ဒေသခံတယောက်က “မြို့အထွက် ရေသန့်စက်ရုံနားက ဂိတ်မှာရှိနေတဲ့ စစ်သားတွေက မြို့ပေါ်ကို ဈေးလာဝယ်ပြီး ပြန်သွားကြတဲ့ အမျိုးသမီး ၂ ယောက်ကို ဘာမှမဟုတ်ဘဲ အကြောင်းမဲ့ လှမ်းပစ်လိုက်လို့ နေရာမှာတင် ဆုံးသွားကြတယ်။ သူတို့ ၂ ယောက်က မိသားစုဝင် သမီးယောက်မတွေ တော်ကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၃၅ နှစ်နဲ့ ၃၈ နှစ်အရွယ် အမျိုးသမီး ၂ ယောက်ဖြစ်ပြီး ရွာကြီးကျေးရွာမှာ နေထိုင်ကြသူတွေလို့ ဆိုပါတယ်။

မင်းတုန်း PDF ပြန်ကြားရေးတာဝန်ခံတယောက်က “နေ့လယ်ပိုင်း ရွာသစ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲသွားတယ်။ စာသင်ကျောင်းနားကျပြီး စာသင်ဆောင်နဲ့ လူနေအိမ် ၃ လုံးလောက် ပျက်စီးသွားခဲ့တယ်။ ပြည်သူလူထု သေဆုံးထိခိုက် ဒဏ်ရာရတာတွေ မရှိဘူးလို့တော့ သိထားတယ်။ အခုညဦးပိုင်းမှာလည်း ခုန်တိုင်ကျင်းရွာကို စစ်တပ်စစ်ကြောင်း ဝင်နေတယ်။ ရွာသားတွေကို ခြိမ်းခြောက်အကျပ်ကိုင်ပြီးတော့ ရွာသား ၅၀ နီးပါးကို ရွာလယ်ကောင်မှာ ထိုင်ခိုင်းထားပြီး လူသားဒိုင်းအဖြစ် ဖမ်းထားခံနေရတယ်။ သူတို့စစ်သားတွေက ရွာထဲမှာ တပ်စွဲနေကြတယ်” လို့ ပြောပါတယ်။

Photo - မင်းတုန်း PDF

ခုန်တိုင်ကျင်းကျေးရွာကို ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ရွာခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ပြီး အဖိုးတန်ပစ္စည်း၊ စားသောက်ကုန်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လုယူနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

မင်းတုန်းမြို့၊ မြို့မရဲစခန်းဝန်းကျင်နဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ အနီးတဝိုက်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့  စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထားပြီး ကြိုတင်ရှောင်ရှားပေးကြဖို့ မင်းတုန်း PDF က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပြီးနောက် အခုလို ပြုလုပ်နေတာလို့ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“တိုက်ပွဲတွေဖြစ်လာရင် ပြည်သူတွေ မထိခိုက်စေချင်တာကြောင့် ကြိုတင်ရှောင်ရှားနိုင်ကြဖို့ သတိပေး​ရတာပါ။ တိုက်ပွဲတွေက ဘယ်နေ့ဖြစ်မယ် ဆိုတာကတော့ စစ်ရေးလျှို့ဝှက်ကိစ္စဖြစ်လို့ ကြိုပြောလို့ မရဘူးလေ။ ပြည်သူတွေကို အဓိကပြောချင်တာကတော့ ကျနော်တို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို အတိအကျ လိုက်နာပေးကြဖို့ပဲ လိုပါတယ်။”

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ပြီး ည ၈ နာရီဝန်းကျင်မှာ ခုန်တိုင်ကျင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းက ဝင်ရောက်တပ်စွဲကာ ကျေးရွာဒေသခံ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

မင်းတုန်း PDF ပြန်ကြားရေးတာဝန်ခံတယောက်က “နေ့လယ်ပိုင်း ရွာသစ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲသွားတယ်။ စာသင်ကျောင်းနားကျပြီး စာသင်ဆောင်နဲ့ လူနေအိမ် ၃ လုံးလောက် ပျက်စီးသွားခဲ့တယ်။ ပြည်သူလူထု သေဆုံးထိခိုက် ဒဏ်ရာရတာတွေ မရှိဘူးလို့တော့ သိထားတယ်။ အခုညဦးပိုင်းမှာလည်း ခုန်တိုင်ကျင်းရွာကို စစ်တပ်စစ်ကြောင်း ဝင်နေတယ်။ ရွာသားတွေကို ခြိမ်းခြောက်အကျပ်ကိုင်ပြီးတော့ ရွာသား ၅၀ နီးပါးကို ရွာလယ်ကောင်မှာ ထိုင်ခိုင်းထားပြီး လူသားဒိုင်းအဖြစ် ဖမ်းထားခံနေရတယ်။ သူတို့စစ်သားတွေက ရွာထဲမှာ တပ်စွဲနေကြတယ်” လို့ ပြောပါတယ်။

ခုန်တိုင်ကျင်းကျေးရွာကို ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်သားတွေနဲ့ ပျူစောထီးတွေဟာ ရွာခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ပြီး အဖိုးတန်ပစ္စည်း၊ စားသောက်ကုန်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း လုယူနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချခံရတဲ့ ရွာသစ်ကျေးရွာနဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တပ်စွဲနေတဲ့ ခုန်တိုင်ကျင်းကျေးရွာက ဒေသခံပြည်သူတွေကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကလည်း မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ကျင်းပနေတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024