ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း ရှင်ရွာကျေးရွာမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ ဆေးကုသရေးစင်တာတခုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေ၊ အကျဥ်းသားတွေ၊ ကလေးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် လူ ၁၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီကျော်မှာ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းဆေးကုသရေး စင်တာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လူ ၁၇ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာက စစ်သုံ့ပန်းတွေနဲ့ အကျဥ်းသားတွေကို ဆေးကုသပေးတဲ့စင်တာ ဖြစ်တယ်။ အဲဒီကို လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် လာပြီး ဗုံးကြဲသွားတာ။ သေသွားတဲ့အထဲမှာတော့ စစ်ကောင်စီတပ်က ဖမ်းဆီးရမိထားတဲ့ စစ်အရာရှိကြီးတွေ၊ အကျဉ်းသားတွေ၊ အပြင်က ဆေးကုသဖို့ ရောက်နေတဲ့ ကလေးငယ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေပါ ဆိုတော့ အားလုံး ၁၇ ယောက် သေသွားတယ်။ နောက်ထပ် ၁၀ ယောက်လည်း ဒဏ်ရာရရှိသွားတယ်။”
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေကို အခုရက်ပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာပါ။
ဒါ့အပြင် စက်တင်ဘာ ၆ ရက်ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီရဲ့ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပေါက်တောမြို့နယ်က လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ AA က ပြောထားပါတယ်။
ကျန်းမာရေးစင်တာကို လေကြောင်းတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။
“ကျန်းမာရေးစင်တာကို လေကြောင်းတိုက်ခိုက်တယ်ဆိုတာက တော်တော်လေးကို လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်။ အခု သေသွားတဲ့အထဲမှာ စစ်ကောင်စီရဲ့ အရာရှိတွေလည်း ပါသွားတာဆိုတော့ စစ်ကောင်စီမှာ ရဲဘော်စိတ်ဆိုတာ လုံးဝမရှိဘူးဆိုတာ သိသာတယ်။ ဒီလို လူမမာဆေးကုတဲ့ နေရာတွေကို ဗုံးကြဲနေတာတွေကို ဟန့်တားအရေးယူနိုင်ဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအနေနဲ့ ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်။”
စစ်ကောင်စီဟာ အာရက္ခတပ်တော် (AA) ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် အဲဒီ ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေကို နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်နေပါတယ်။
စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင်ကလည်း သူတို့ လက်လွှတ်လိုက်ရတဲ့ နေရာတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အခုရက်ပိုင်းမှာ ပြောကြားထားပါတယ်။