မကွေးတိုင်း၊ အထက်မင်းလှမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားနေတာကြောင့် ကျေးရွာ ၁၃ ရွာက ပြည်သူတွေ အန္တရာယ်ရှိနေတယ်လို့ Upper Minhla PDF တပ်ဖွဲ့က အသိပေး ပြောပါတယ်။
အဲ့ဒီကျေးရွာတွေကတော့ ရှမ်းတပ်ကြီးတိုက်နယ်-ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ ရှမ်းတပ်ကြီးကျေးရွာ၊ ရွှေချောင်းကျေးရွာ၊ ကိုင်းငယ်ကြီးကျေးရွာ၊ ကိုင်းငယ်လေးကျေးရွာ၊ ဘန့်ပြင်ကျေးရွာ၊ စမ်းလယ်ကျေးရွာ၊ မကြီးကုန်းကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနဲ့ လှေ့စဥ်ကျေးရွာ၊ ခါးဇက်ကျေးရွာဆုံကုန်းကျေးရွာ၊ မဒိုင်းကျေးရွာ၊ သက္ကယ်မြောင်ကျေးရွာတို့ ဖြစ်ပါတယ်။
Upper Minhla PDF ရဲ့ တာဝန်ခံ ရန်ကြီးအောင်က “အဲဒီရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရေးနဲ့ပတ်သက်လို့ သိထားရမှာက နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေမှာ ပြည်သူတွေက ကြားထဲရောက်နေတာမျိုးတွေဖြစ်နိုင်တာရယ်၊ ပြီးတော့ စစ်ကြောင်းနဲ့ တွေ့သွားရင် လူသားဒိုင်းအဖြစ် ဖမ်းခေါ်တာမျိုး တွေ့ကြုံနိုင်တာရယ်ကြောင့်ပါ။ ကြုံလည်း ကြုံဖူးနေကြတာတွေ ရှိနေတော့လေ။ အဲဒါကြောင့် စစ်ရေးသတိ၊ အသိထားပေးကြဖို့ ပြောနေရတာပါ”လို့ ပြောပါတယ်။
လက်ရှိ စစ်ရေးအခြေအနေအရ ပုသိမ်-မုံရွာ လမ်းမကြီး လမ်းပိုင်းအပြင် ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းတွေကိုလည်း သွားလာတာမပြုလုပ်ဖို့ Upper Minhla PDF က သတိပေးထားပါသေးတယ်။
အချိန်မရွေး နေရာမရွေးတိုက်ပွဲတွေ ဖြစ်ပွားနိုင်လို့ အရေးတကြီးကိစ္စတွေကြောင့် မဖြစ်မနေ သွားလာတာတွေ လုပ်မယ်ဆိုရင်လည်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ် ပ.က.ဖ ထံ ဆက်သွယ်အကြောင်းကြားပြီးခွင့်ပြုချက် ရယူနိုင်တယ်လို့လည်း ဆိုပါတယ်။
ရန်ကြီးအောင်က “ဒီကောင်တွေ ဘာကြံနေတာလဲတော့ မသိဘူး။ စစ်ကြောင်းက တက်လိုက် ဆုတ်လိုက် လုပ်နေတာ။ နောက်ဆုံး သိရတာက ဆန်ဖြူကန်ဘက်ကို ကားတွေနဲ့ ဆုတ်ခွာပြီး ခါးဇက်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ သိထားရပါတယ်”လို့ ဆက်ပြောပါတယ်။
စစ်ကြောင်း ထိုးနေတာကတော့ တပ်မ ၈၈ ထုတ်နုတ်အင်အားတချို့နဲ့ ကပစ၂ (မလွန်)၊ ကပစ-၁၀(ကုန်းကြီး)က ထွက်လာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းဟာ ရွှေချောင်း (ရွာသာရွာ)လမ်းပေါက်ကတဆင့် ကား ၃ စီးနဲ့ သီးကုန်းကျေးရွာ၊ ကျောက်ထပ်ကျေးရွာကို ဦးတည်ထွက်ခွာလာတာကို သတင်းရရှိထားတယ်လို့ သိရပါတယ်။
အဆိုပါရွာတွေကတဆင့် လှေ့စဥ်ကျေးရွာ၊ ခါးဇက်ကျေးရွာ၊ ဆုံကုန်းကျေးရွာ စတဲ့ ကျေးရွာတွေကနေ ဝင်ရောက်မွှေနှောက်ပြီး တောလမ်းတွေအတိုင်း မီးလောင်ကုန်းမကြီးကုန်း ဘန့်ပြင်ကျေးရွာတွေကို ဝင်ရောက်လာနိုင်တယ်လို့ Upper Minhla PDF က အသိပေးထားပါတယ်။