တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ၂ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၈ ရက် ညနေပိုင်းလောက်မှာ ရှပ်ပုံ စံပြကျေးရွာရှိ နေအိမ် ၃ လုံးနဲ့ မီးလောင်အော်ကျေးရွာမှာ နေအိမ် ၃၂ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရှပ်ပုံစံပြကျေးရွာမှာ နေအိမ်တွေကို မီးရှို့တာအပြင် ဒေသခံ အမျိုးသား ၂ ယောက်ကို ဖမ်ဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ နယ်မြေရှင်းလင်းရာမှာ ပါဝင်တဲ့ PDF ရဲဘော်တယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေက မီးလောင်အော်ရွာရှိ နေအိမ်တွေကို မနေ့ည (စက်တင်ဘာ ၁၈ ရက်) နဲ့ ဒီကနေ့မနက် (စက်တင်ဘာ ၁၉ရက်) မှာမီးရှို့သွားတယ်။ ရှပ်ပုံရွာမှာတော့ မီးရှို့ခံရတဲ့ရုပ်မှာ ခြေလက် ဖြတ်တောက်ခံထားရပြီး လည်ပင်းမှာ ကြိုးချည်ဒဏ်ရာနဲ့ နေအိမ်နဲ့အတူ မီးရှို့ခံထားရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ရှပ်ပုံကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြား ရက်သတ္တပတ်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရေကြောင်းပစ်ကူတွေပါ အသုံးပြုလာတယ်လို့ PDF မြိတ်ခရိုင်၊ တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နယ်မြေမငြိမ်သက်သေးတာကြောင့် အသေးစိတ် အချက်အလက်ကို နောက်မှထုတ်ပြန်သွားမယ်လို့ PDF မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မြိတ်ခရိုင်အတွင်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ မြိတ်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ခရီးအသွားအလာ ပြုလုပ်ကြဖို့ စက်တင်ဘာ ၁၆ ရက်မှာ တိုင်းစစ်ဌာန တနင်္သာရီက ထုတ်ပြန် သတိပေးထားပါတယ်။