စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့ပေါ်က တိုက်ပွဲတွေကြောင့် ဩဂုတ်လကတည်းက မြို့မဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ ပြည်သူ ၁,၀၀၀ ဝန်းကျင်ထဲက ၃၀၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ စက်တာဘာ ၁၆ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အင်းတော်မြို့ကနေ တိမ်းရှောင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။
“အခုရက်ပိုင်း အင်းတော်မြို့ပေါ်မှာ မီးလောင်တာတော့ မရှိဘူး၊ ပြည်သူတွေ ၃၀၀ ဝန်းကျင် ကိုတော့ စကစတွေ ပြန်လွှတ်ပေးခဲ့တယ်လို့ ကြားရတယ်။ အခုရက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေလည်း မရှိဘူး။”
လက်ရှိ အင်းတော်မြို့ပေါ်က မြို့မဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေက ထွက်ခွင့် မပေးဘဲ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ပိတ်မိနေတဲ့ ပြည်သူတွေကို မြို့ပေါ်က ပြည်သူတွေရဲ့ နေအိမ်တွေကနေ စားနပ်ရိက္ခာတွေ သွားယူတဲ့အချိန် လူသားဒိုင်းအနေနဲ့ ပြုလုပ်ပြီး ပစ္စည်းတွေ၊ ရိက္ခာတွေ ခိုးယူတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
အင်းတော်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စက်တင်ဘာ ၉ ရက်ကစပြီး အင်းတော်မြို့ပေါ်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့နေပြီး မြို့မစျေးလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးဘူးလို့ အင်းတော်မြို့က တိမ်းရှောင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။
“ဘယ်လောက်လောင်သွားလဲဆိုတာ အတိအကျသိဖို့ ခက်ခဲတယ်၊ မသိနိုင်သေးဘူး။ လောင်တာက ယာဉ်ရပ်နားရပ်ကွက်ရယ်၊ အင်းတော်မြို့ စျေးအနားက အိမ်တွေရယ်၊ အင်းတော် ဘုန်းကြီးကျောင်းနားက အိမ်တွေရယ်ပေါ့နော၊ လောင်တာကတော့။”
အင်းတော်မြို့နယ် သံဃနာယကအဖွဲ့ကလည်း ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ပွဲလွတ်ရာကို ထွက်ခွာခွင့်ပြုဖို့ စက်တာဘာ ၇ ရက်က သက်ဆိုင်ရာ လူကြီးမင်းတွေကို ခွင့်ပြုပေးဖို့ မေတ္တာ ရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အင်းတော်မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၁,၀၀၀ ဝန်းကျင်ထဲက ပြည်သူ ၄ ယောက်လည်း တိုက်ပွဲအတွင်းက ဒဏ်ရာတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသလို မြို့ပေါ်ဘုန်းကြီးကျောင်းမှာ ပိတ်မိ နေတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။