မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်ခဲ့တဲ့ အမျိုးသား ၇ ဦးထဲက ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့စစ်တွေနဲ့ ပတ်သက်မှု ရှိ/မရှိ စစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
“ပုသိမ်ကြီးကနေ စမိတာ ရွှေတွေက အကုန်ပြန်ရတယ်။ ပိုက်ဆံက နောက်တယောက်ဆီမှာ ဖြစ်မယ်၊ တယောက်မမိသေးဘူး။ သေနတ် ၂ လက်နဲ့ ကျည်တွေမိတယ်၊ အိမ်စီးကားတစီး။ ဓားပြတိုက်တဲ့သူတွေနဲ့ ပြည်သူ့စစ်တွေ ပတ်သက်မှု ရှိမရှိ စစ်နေတယ်။”
မန္တလေးမှာဖြစ်နေတဲ့ ဓားပြတိုက်မှုတွေနဲ့ ပတ်သက်ပြီး ပေါက်ကိုယ်တော်က “ဒီပြည်ကြီးတံခွန်ထဲမှာ ဓားပြမှုတွေ ရှေ့ကဖြစ်တယ်၊ တမှုမှမမိကြဘူး၊ အရင်တခါ ဓားပြမှုတုန်းက ဦးဇင်းဆီလာတယ်၊ ဦးဇင်းကူညီဦးတဲ့၊ ဦးဇင်း ပြောတာ ရှင်းရှင်းလေး အောင်မြေသာစံခရိုင်က ရဲအုပ်မြတ်ကိုကိုတို့ မေးလိုက်၊ တိုင်းကလူတွေမေးလိုက်၊ အဲ့ဓားပြမှုတွေ လူတွေလိုက်မနေနဲ့လို့ အဲ့ဒါ ရဲထဲကလို့ ဦးဇင်းပြောလိုက်တယ်၊ ဝန်ထမ်းထဲကလို့ ပြောလိုက်တယ်” လို့ လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ ဦးခင်မောင်စိုး၊ ကိုနိုင်မင်းဝေ၊ ကိုကျော်စိုးမင်းထွန်း၊ ကိုကိုကျော်၊ လှိုင်းထက်အောင်၊ အောင်ဇော်ထွန်း တို့ကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်း (ပ)၂၂၀/၂၀၂၄၊ ပုဒ်မ ၃၉၅ နဲ့အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့မှ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ညက ပြည်ကြီးတံခွန်မြို့နယ် ဃ ရပ်ကွက် နေအိမ်တအိမ်ကို ဓားပြတိုက်ခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ် ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။