Home
မြန်မာသတင်း
ဒီပဲယင်း၌  ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
September 11, 2024

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ ပြန်လည်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက နေအိမ်တွေကို နေ့စဥ်နဲ့အမျှ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီပဲယင်းမြို့ခံတယောက်က “သူတို့ ပြန်ရောက်ကြကတည်းက မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ်တွေကို နေ့တိုင်းလောက်နီးနီး မီးရှို့တယ်။ တောင်ပြင်၊ အနောက်ကွက်သစ်၊ မြို့မ၊ အေးမြဝရတီ ရပ်ကွက်တွေနဲ့ ဆရာစံခန်းမနားက လူနေအိမ်အများအပြား မီးရှို့ခံထားရတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒီပဲယင်းမြို့ရဲ့ အရှေ့ဘက်အနီးဆုံးဖြစ်တဲ့ ကံပြားကျေးရွာမှာလည်း စခန်းချနေကာ ကျေးရွာအတွင်းက လူနေအိမ်တွေကိုလည်း မီးရှို့တာတွေ ဆက်တိုက် လုပ်နေကြတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က အင်အားထပ်ဖြည့်တာတွေလည်း လုပ်နေတယ်။ ကံပြားရွာနားမှာလည်း တပ်စွဲပြီး မီးရှို့ကြတာ ရွာကအိမ် ၃၀ နီးပါး မီးလောင်ပျက်စီးကုန်ပြီ” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၀င် တယောက်က ပြောပါတယ်။

ဩဂုတ် ၂၀ ရက်မှာ ပြန်လည်တပ်စွဲလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင် နေအိမ် အဆောက်အအုံတွေကို နေ့စဥ်နဲ့အမျှ မီးရှို့ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်အတွင်း နှစ်ဖက်တိုက်ပွဲတွေ​နဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တဦးက “မြို့ပေါ်က တချို့တွေနဲ့ မြို့အနီးနားတ၀ိုက် ရွာတွေက ပြည်သူတွေဆိုရင် အခုထိ ပြန်မလာကြသေးဘူး။ တခြားမြို့တွေကို ရှောင်သွားကြတာ ရှိသလို ဘေးလွတ်တဲ့နေရာတွေမှာဖြစ်သလို ယာယီအမိုးအကာလေးတွေ လုပ်နေကြရတာတွေ ရှိတယ်။ အခုလို မိုးတွင်းကြီးထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအနေနဲ့ကြာလာတော့ အဆင်မပြေကြဘူး။ သူတို့တွေအတွက် စားသောက်ကုန်တွေ ဆေး၀ါးနဲ့ ယာယီ အဆောက်အအုံတွေကတော့ အရေးပေါ်လိုအပ်နေတာ” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဒေသခံပြည်သူတွေရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသူ ၅၀၀၀ အထက်မှာ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ဒီပဲယင်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ၃ ရက် ကြာတိုက်ခိုက်ပြီး သြဂုတ် ၁၈ ရက်မှာ ဒီပဲယင်းမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ PDF တပ်ပေါင်းစုတွေ ပြန်လည်ဆုတ်ခွာသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024