မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ်တအိမ်က အိမ်စီးကားနဲ့ iPhone လုယူခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ယောက်ကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် ဃ ရပ်ကွက်မှာ စက်တင်ဘာလ ၁၁ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တအိမ်ကို သေနတ်နဲ့ဓားတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား ၇ ယောက်က ဝင်ရောက် ဓားပြတိုက်ပြီး အိမ်စီးကားနဲ့ ဖုန်း ၁ လုံးကို လုယူခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“လုတဲ့သူတွေက ၄ နှစ်ကလေးနဲ့ သူ့အဖေကို ရိုက်နှက်၊ အိမ်ကပစွည်းတွေကို ဖျက်ဆီးပြီး ကားနဲ့ဖုန်းကို ယူသွားတာ။ အဲဒီနေ့ညပဲ ဓားပြအဖွဲ့ကို မိတယ်။ ဓားပြတွေက ပြည်သူ့စစ်တွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။
အဲဒီနေ့ညမှာပဲ ဓားပြတိုက်တဲ့အဖွဲ့ကို ရဲတွေက ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ လက်နက်တွေနဲ့အတူ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ပြည်ကြီးတံခွန်ရဲစခန်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“လပခတိုင်းက မန္တလေးရော၊ မကွေးရော ကိုင်ထားတာ ဆိုတော့ မကွေးက ပြည်သူစစ်တွေက မန္တလေးမြို့ပေါ်အထိတက်ပြီး လုယက်မှုတွေ လုပ်တယ်။ မူးယစ်ဆေးရောင်းတာတွေ လုပ်တယ်။ ဖမ်းမိရင် ပေါက်ကိုယ်တော်က ပြသာနာရှာတယ်” လို့ ပြောပါတယ်။
ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စက်တင်ဘာ ၁၂ ရက်မှာ ဓားပြတိုက်ခံရတဲ့ ဦးရဲလင်းကျော်ရဲ့ နေအိမ်ကိုရောက်လာပြီး ဖြစ်စဉ်ကိုပြောင်းလဲဖို့အတွက် ခြိမ်းခြောက်ခဲ့တယ်လို့လည်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ပေါက်ကိုယ်တော်က အတော်လေးလူဝါးဝနေတာ။ မန္တလေးမှာ ပြည်သူ့စစ်တွေ ဆိုင်ကယ်ဖမ်းလည်း ပြော၊ မူးယစ်ဆေးနဲ့မိလည်း ပြော၊ အခု ဓားပြတိုက်ခံရတာတောင် ကာယကံရှင် မိသားစုကို ခြိမ်းခြောက်ပြီး အကြွေးလာတောင်းတာဆိုပြီး ဖြစ်စဉ်ကိုလိမ်ခိုင်းတယ်” လို့ ရှင်းပြပါတယ်။
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ဇွဲထက်၊ ချမ်းငြိမ်းသူ၊ ဟိန်းသန့်၊ ဇင်မင်းခန့်၊ စိုင်းခွန်ကျော်ဇော၊ အောင်မြင့်မြတ်၊ အောင်မြင့်မြတ်တို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက (ပ)၂၂၈/၂၀၂၄၊ ပုဒ်မ ၃၉၅/၃၂၃/၄၂၇ နဲ့ အမှုဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် ၁၀၁ ဘီလမ်းနဲ့ ၇၁ လမ်းက ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် နေအိမ်ကို မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၆ ယောက်က ဓားပြပြီး ရွှေ ၁၀ ပိဿာနဲ့ ငွေသိန်း ၈၀၀ ကျော်ယူသွားခဲ့ပါသေးတယ်။