မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ စက်တင်ဘာ ၁၀ ရက် ဒီနေ့မနက် ၈ နာရီက ရွှေဆိုင်ပိုင်ရှင်တယောက်ရဲ့ နေအိမ်ကို ဓားပြတိုက်ပြီး ရွှေနဲ့ ငွေတွေကို ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ ဘီလမ်းနဲ့ ၇၁ လမ်းရှိ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို အမည်မသိ အမျိုးသား ၆ ယောက်က ဓားပြတိုက်ခဲ့ရာ ရွှေထည်ပစ္စည်းတွေနဲ့အတူ ငွေသိန်းရာချီ ပါသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“အိမ်မှာ ရွှေဆိုင်သွားဖွင့်ဖို့ ပြင်ဆင်နေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ လူ ၆ ယောက်က ကားနဲ့လာပြီး ဓားပြတိုက်တာ၊ ရွှေတွေ အတော်များတယ်။ ပိုက်ဆံထည့်ထားတဲ့အိတ်လည်း ယူသွားတယ်၊ ပိုင်ရှင်က ချမ်းမြသာစည်မှာနေတာ၊ ဆိုင်က ချမ်းအေးသာစံ မင်္ဂလာစျေးအနီးမှာ ဖွင့်ထားတာ။”
ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ကားနဲ့ ဓားပြလာတိုက်သူတွေမှာ သေနတ်တွေနဲ့ ခြိမ်းခြောက်ကာ ရွှေတွေထည့်ထားတဲ့ ခြင်းတွေနဲ့ ငွေထည့်ထားတဲ့အိတ်တွေကို ယူပြီး ကားနဲ့ပြန်ထွက်သွားတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ရွှေဆယ်ပိဿာနဲ့ ငွေသိန်း ၈၀၀ ပါသွားတယ်လို့ ကနဦးသိရတယ်။ မန်းမှာ အရင်ရက်တွေက ပြည်သူ့စစ်တွေ အဲလိုဖြစ်စဥ်နဲ့တူတဲ့ အမှုတွေ ကျူးလွန်လို့ ဖမ်းဆီးရတာတွေလည်း ရှိတယ်၊ မြို့ခံတွေက သုံးသပ်တာ။”
လတ်တလောမှာ စစ်တပ်နဲ့ ရဲတွေက ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် မိသားစုနဲ့ CCTV မှတ်တမ်း စစ်ဆေးနေပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မန္တလေးမှာ ဒီနှစ်အတွင်း မဟာအောင်မြေမြို့နယ်က ဆယ်သန်းရွှေဆိုင် ၂ ကြိမ် ဓားပြတိုက်ခံရပြီး မဟာအောင်မြေမြို့နယ်က လင်းလက်ဝါရွှေဆိုင်လည်း ဓားပြတိုက်ခံရပါတယ်။