မန္တလေး၊ ချင်း၊ စစ်ကိုင်း၊ မကွေးတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က တံတားဦးလေဆိပ်ကို အဓိကထား အသုံးပြုနေတယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မန္တလေးနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (ချင်း၊ စစ်ကိုင်း၊ မကွေး) ဒေသတွင်း စစ်ရေးထိတွေ့မှုတွေမှာ စစ်ကောင်စီက တံတားဦးလေဆိပ်ကို အဓိကထား အသုံးပြုနေတာပါ။
မန္တလေးတိုင်းမှာ တံတားဦးလေဆိပ်၊ ချမ်းမြသာစည်လေဆိပ်နဲ့ မိတ္ထီလာလေတပ်စခန်း ၃ ခုရှိရာမှာ စစ်ကောင်စီက တံတားဦးလေဆိပ်ကနေ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ နိုင်ငံတဝန်း လေဆိပ်တွေမှာ အများပြည်သူအသုံးပြုဖို့အပိုင်းနဲ့အတူ စစ်ရေးအရ လိုအပ်ရင်အသုံးပြုနိုင်ဖို့ သူတို့လေတပ်စခန်းတွေကိုပါ တွဲလျှက်ပုံစံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “တံတားဦးလေဆိပ်လည်း မင်္ဂလာဒုံလေဆိပ်လိုပါပဲ၊ စစ်တပ် Hangar (လေယာဉ်ရုံ) တွေ သပ်သပ်ရှိတယ်။ လေယာဉ်သိမ်းတဲ့ နေရာတွေပေါ့။ အထူးသဖြင့် ဂျက်လေယာဉ်တွေ သိမ်းလို့ရတဲ့ Hangar မျိုးတွေပေါ့။ ဒါပေမဲ့ ခရီးသည်တင်လေယာဉ်တွေကို ပြင်သုံးတဲ့ Y စီးရီးတွေကို ပြင်သုံးပြီး ဗုံးကြဲတဲ့ဟာတွေဆိုရင်တော့ တံတားဦးမှာထားသလို ချမ်းမြသာစည်လေဆိပ် မန္တလေးလေဆိပ်အဟောင်းပေါ့။ အဲဒီအဟောင်းကလည်း စစ်တပ်ရဲ့ကွပ်ကဲမှုအောက်မှာ အပြည့်ရှိတယ်ပေါ့။ Y စီးရီးအုပ်စုဆိုရင် အဲဒီမှာဆင်းတာမျိုးတွေလည်း ရှိတယ်။ တံတားဦးလေဆိပ်ကတော့ မင်္ဂလာဒုံသုံးသလိုမျိုး သုံးတာပါပဲ။ သူတို့ ယာယီ Hangar တွေရှိတယ်၊ အဲဒီကနေပဲ သူတို့ လေယာဉ်အတက်အဆင်း လုပ်တာမျိုးတွေရှိတယ်။ တကယ့် သူတို့ အခြေစိုက်နေရာကတော့ ချမ်းမြသာစည်ကို သုံးပါတယ်။ သူတို့တပ်ရင်းဌာနချုပ် ခေါ်မလား၊ အဲ့ဒါမျိုးကကျတော့ မိတ္ထီလာမှာရှိတာကိုး၊ မိတ္ထီလာက Control ထိန်းချုပ် လုပ်တာပေါ့လေ” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေ အသုံးပြုဖို့ တံတားဦးလေဆိပ်၊ မိတ္ထီလာလေတပ်စခန်းနဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်လေတပ်စခန်း ဌာနချုပ်တို့ကို အသုံးပြုနေပြီး နောက်ပိုင်းမှာ နေပြည်တော် အေလာလေတပ်စခန်းကိုလည်း အသုံးပြုလာတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။
ပြင်ဦးလွင်အနီးစခန်းလေဆိပ်၊ မန္တလေးနန်းတွင်းတို့ကနေ MI 17 စစ်ဘက်သုံး ရဟတ်ယာဉ်တွေကို ထောက်ပို့အတွက် အသုံးပြုနေတယ်လို့ ဆိုပါတယ်။
မတ္တရာ PDF မှ ဦးတိုးက “နမခကတက်တာဆိုရင် 35 ရှိမယ်၊ နောက်တခါ တံတားဦး၊ နောက်တခုက အရှေ့မြောက်မှာဆိုရင် ပြင်ဦးလွင် အနီးစခန်းလေဆိပ်၊ အခုနောက်ပိုင်း မိတ္ထီလာ ရှမ်းတဲပါ သုံးလာတယ်။ ရံခါဆိုသလို အေလာလေတပ်ကတက်တဲ့ကောင်လည်း ပါတယ်။ ရှမ်းတဲက အခုရက်ပိုင်းမှာ တွင်တွင်လေးသုံးလာတယ်။ အများဆုံး အသုံးပြုနေတာက တံတားဦးလေတပ်၊ MI 35 နဲ့ပတ်သက်ရင် နမခနဲ့ အနီးစခန်း၊ မန္တလေးနန်းတွင်းကကျတော့ ထောက်ပို့လုပ်တယ်၊ အဲဒါက MI 17 နဲ့၊ နန်းတွင်းထဲမှာ ၂ စီးရှိတယ်။ ပြည်သူကိုသတ်ဖြတ်နေတယ် ဆိုတာကို သူတို့မသိဘဲမရှိဘူး သူတို့သိတယ်၊ သိသိနဲ့ သူတို့ အမိန့်နာခံပါတယ်ဆိုတဲ့ပုံစံနဲ့ သူတို့ကျူးလွန်တာ ဒါ စစ်ရာဇဝတ်မှုပဲ။ အဲဒါကတော့ လေယာဉ်နဲ့ ဗုံးကြဲမှုကျူးလွန်တဲ့ ပိုင်းလော့တွေရဲ့အပိုင်းပေါ့” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း နမခအခြေစိုက် မုံရွာလေဆိပ်နဲ့ ကလေးလေဆိပ်တို့ကို အသုံးပြုပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတချို့ ရှိပေမဲ့ အဲဒီလေယာဉ်ကွင်းတွေဟာ လက်နက်တပ်ဆင်ဖို့နဲ့ အခြေစိုက် အထိုင်ချနိုင်တဲ့ အခြေအနေမျိုးတော့ မရှိပါဘူး။ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး မြစ်ကြီးနားလေဆိပ်နဲ့ မကွေးလေဆိပ်တို့ကိုလည်း စစ်ကောင်စီက ရံဖန်ရံခါ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။
စစ်ကိုင်းယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “စစ်ဒေသ ၁ ပဲပြောကြပါစို့၊ အဓိက စစ်ကိုင်း၊ ကချင်၊ မန္တလေးပေါ့။ အဲဒီတခုအတွက် ဒုက္ခအပေးဆုံးကတော့ တံတားဦးလေဆိပ်ပဲ ဖြစ်ပါတယ်ပေါ့။ ရံဖန်ရံခါမှာတော့ မကွေးလေဆိပ်နဲ့ မိတ္ထီလာလေဆိပ်၊ မြစ်ကြီးနားက တက်လာတဲ့ဟာလေးတွေတော့ ဒုက္ခပေးတယ်ဆိုတာ ကျနော်တို့သိရတယ်။ ဒုက္ခအပေးဆုံးကတော့ တံတားဦးလေဆိပ်ပါပဲဗျ။ ချေမှုန်းရမှာပေါ့ဗျာ၊ အကောင်းဆုံး ချေမှုန်းနိုင်အောင်ကတော့ စစ်ဘက်ဆိုင်ရာသတင်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့ သိပ်တော့ မဖြေချင်ဘူး။ ဒါကို စစ်ဒေသတာဝန်ရှိသူတွေ အကုန်လုံးမသိလို့မှ မဟုတ်တာ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာလေဆိပ်နဲ့ ကလေးလေဆိပ်တို့ဟာ YAK 130 တို့လို တိုက်လေယာဉ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေအတွက် အဓိကအထိုင် မဟုတ်ပေမဲ့ MI 35၊ MI 17 တို့လို တိုက်ခိုက်ရေးနဲ့ စစ်သုံးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ အဆင်သင့်ထားတာမျိုး ရှိနေတာပါ။
စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား စိုးဝင်းဆွေက “တံတားဦးလေဆိပ်၊ မိတ္ထီလာလေဆိပ်က လေယာဉ်အတက်အဆင်းကို တော်လှန်ရေးဘက်တော်သားတွေက စောင့်ကြည့်နေကြတဲ့ ချန်နယ်တွေ ပေါ်ပေါက်လာတာလည်း ရှိတယ်။ ဒီ့နောက်ပိုင်းမှာတော့ လေကြောင်းကြည့်ချန်နယ်တွေ မျက်စိလည်အောင်ပေါ့၊ ဥပမာ တောင်ငူကနေ စစ်ကိုင်းကို ရောက်လာတာမျိုးပေါ့။ တံတားဦးကနေ ကရင်ဘက်ကို သွားတာမျိုး၊ ဒါမျိုးတွေလည်း နောက်ပိုင်းမှာ အလှည့်အပြောင်းတွေ လုပ်လာတာရှိတယ်။ တခါတလေမှာ တံတားဦးလေဆိပ်ကနေ တက်လာပြီးတော့ အရှေ့မြောက်အရပ်ကို သွားပြီးတော့မှ လေပေါ်ကြမှ ပြန်ချိုးပြီးတဲ့အခါကြတော့ အနောက်တောင်ဘက်ကို ပြန်လာတယ်၊ စစ်ကိုင်းတိုင်းဘက်ကို ပြန်လာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တာမျိုးပေါ့၊ လေကြောင်းစောင့်ကြည့်တဲ့ ချန်နယ်တွေ မျက်စိလည်လာအောင် လုပ်တာတွေရှိတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာနယ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်စခန်း၊ တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို PDF တွေက သိမ်းယူခဲ့ပြီးနောက် လေဆိပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတဲ့ သတင်းစကားတွေ ထွက်ပေါ်လာတာပါ။
နမခ လေတပ်စခန်းနဲ့ တောင်ငူလေတပ်စခန်းတွေကိုလည်း PDF တွေက လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
အနောက်မြောက်တိုင်းစစ်ဒေသကို စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀ ကျော် ပြုလုပ်ထားတယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ဧပြီလအထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မန္တလေးတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့ပေမဲ့ မြေပြင်မှာတော့ PDF တပ်ဖွဲ့တွေက အသာစီးယူနိုင်ခဲ့တာကို တွေ့ရပါတယ်။
သုတချမ်းသာ