Home
မြန်မာသတင်း
ပုသိမ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို မြောင်းမြထောင်သို့ ပြောင်းရွှေ့
DVB
·
August 26, 2024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်၊ ရဲတွေနဲ့ ထောင်အာဏာပိုင်တွေက ခေါ်ထုတ်ပြီး ကားနဲ့ သြဂုတ် ၂၅ ရက်မှာ မြောင်းမြအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ ပုသိမ်အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “၂၅ ရက် မနက်ပိုင်းက ပြောင်းရွှေ့လိုက်တာ။ နိုင်ငံရေးအကျဉ်းသားတွချည်းပဲ သီးသန့် ပြောင်းရွှေ့လိုက်တာပါ။ ဘာကြောင့် ခုလို ရုတ်တရက် မြောင်းမြထောင်ကို ပြောင်းရွှေ့လိုက်တယ်ဆိုတာကတော့ လုံခြုံရေးအခြေအနေကြောင့်လို့ ထင်တာပဲ” လို့ ပြောပါတယ်။

ပုသိမ်မြို့ဟာ ဧရာဝတီတိုင်းရဲ့ တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ နေရာတခုဖြစ်ပြီး မအူပင်၊ ဖျာပုံ၊ မြောင်းမြအကျဉ်းထောင် စတဲ့ထောင်တွေထဲက အကျဉ်းသားတွေကိုသာ ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့လေ့ရှိပြီး အခုလို ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို မြောင်းမြအကျဉ်းထောင်ဘက် ပြောင်းရွှေ့လိုက်တာဟာ ထူးခြားနေလို့ အကျဉ်းသားမိသားစုတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အကျဉ်းသားမိသားစုဝင်တယောက်က “စစ်ပွဲတွေပဲ ဖြစ်တော့မလား၊ အကျဉ်းသားတွေကို စစ်မှုထမ်းခိုင်းတော့မလားပေါ့။ ကြားနေရတဲ့ သတင်းတွေနဲ့ စစ်ကောင်စီက လုပ်ဆောင်နေတာတွေက ထပ်တူကျကျ နေတာလေ။ ပုသိမ်အကျဉ်းထောင်ထဲက အခြေအနေကိုလည်း ရခိုင်က စစ်ရှောင်တွေ ဒီဘက်ရောက်လာကတည်းက မသိရဘူး၊ တွေ့ခွင့်မရဘူး ဖြစ်နေတာ။ အခြေအနေတွေက တရက်နဲ့တရက် ရှုပ်လာတော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲကနေ အကျဉ်းသားတွေ ရွှေ့ပြောင်းခံရတဲ့ သတင်းကြောင့် အကျဉ်းသားမိသားစုဝင်တွေက ပုသိမ်အကျဉ်းထောင်မှာ လာရောက်စုံစမ်းတာတွေ လုပ်နေကြပေမဲ့ ထောင်အာဏာပိုင်တွေက အကျိုးအကြောင်း ရှင်းပြပြောဆိုတာ မရှိဘဲ ထောင်တံခါးပိတ်ပြီး ပြန်လွှတ်နေတယ်လို့ အကျဉ်းသားမိသားစုတွေက ဆိုပါတယ်။

သြဂုတ် ၁၈ ရက်ကလည်း ပုသိမ်အကျဉ်းထောင်ထဲမှာ နှစ်ကြီး ပြစ်ဒဏ်ချခံထားရတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီတပ်က မှန်လုံကားတွေနဲ့ ခေါ်ထုတ်သွားခဲ့ပြီး ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရသေးဘဲ မိသားစုတွေနဲ့လည်း အဆက်သွယ် ပြတ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013