ကရင်နီဒေသမှာ သဘာဝဘေးသင့်နေချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ယာဂီတိုင်ဖွန်း မုန်းတိုင်းကြောင့် နိုင်ငံတဝဝန်း တိုင်းနဲ့ပြည်နယ်အများစုမှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားနေချိန် ကရင်နီပြည်က စစ်ဘေးရှောင်အများစုလည်း သဘာဝဘေးသင့်ခဲ့ပါတယ်။
အခုလက်ရှိ ဘီလူးချောင်းရေကြီးတာကြောင့် မြို့တော်လွိုင်ကော်က ရပ်ကွက်အများစု ရေနစ်မြုပ်နေချိန် အာဏာသိမ်းစစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေလှုပ်ရှားနေတဲ့ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့နယ်အပြင် ဒီးမော့ဆိုနယ်ဘက်ကိုလည်း စစ်ကြောင်းထိုးနေတာ ၂ ရက်ရှိပြီဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲထပ်ဖြစ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၁ ရက်က ဖယ်ခုံမြို့နယ်၊ လတိမ်ကျေးရွာကို ဗုံးကြဲခဲ့လို့ အသက် ၁၀ နှစ်ကနေ ၁၂ နှစ်ကြား ဘောလုံးကစားနေတဲ့ ကလေးငယ် ၁၈ ယောက်ထိမှန်ခဲ့ပါတယ်လို့ ကနဦး သတင်းရရှိပါတယ်။
ကရင်နီမှာ လတ်တလော ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်ကရော တော်လှန်ရေး အင်အားစုတွေဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး စစ်ကောင်စီတပ်ဟာ မြေပြင်မှာ အင်းအားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီးတွေနဲ့လည်း စစ်ဘေးရှောင်တွေ ရှိရာဘက်ကို ပစ်ခတ်တိုက်ခိုက်နေတာပါ။