Home
မြန်မာသတင်း
မြင်းခြံနှင့် ကနီမြို့နယ်အတွင်းက ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေ
DVB
·
September 22, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြင်ခြံမြို့နယ်၊ ခြေဆေးကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၂ ရက် ဒီနေ့  မနက် ၈ နာရီကတကြိမ်၊ ၁၁ နာရီမှာတကြိမ်၊ ၂ ကြိမ်လာရောက်ဗုံးကြဲပစ်ခတ်သွားပါတယ်။

တိုက်ပွဲမဖြစ်ဘဲ လာရောက်ဗုံးကြဲတာဖြစ်ပြီး ပြည်သူ ၁ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မနက်ခင်း ၈ နာရီ ပထမအကြိမ်လာပစ်တာက ဗုံးသီး ၃ လုံး ကြဲချတယ်။ စက်လက်နဲ့ ၄ ချက်ပစ်သွားတယ်။ အဲလိုပစ်ခတ်လို့ ပြည်သူ ၃ ဦးဒဏ်ရာရတယ်။ အမျိုးသမီး ၁ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေထဲက ၁ ဦးက ခြေပြတ်သွားတယ်။ နောက်တယောက်က ခါးရိုးထွက်သွားတာ။ ကိုယ်ဝန်ဆောင် တဦးလည်း ထိတယ်။ နွားတွေလည်း သေကုန်တယ်” လို့ ပြောပါတယ်။

ခြေဆေးကျေးရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး ဒေသခံတွေဟာ တောင်ယာလုပ်ကိုင်ကြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြင်းခြံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “သူတို့ သတင်းတခုခု ရလို့ လာကြဲတာဖြစ်မယ်ဗျ။ သူတို့ပစ်ချင်တဲ့ပစ်မှတ်နဲ့ အခုချတဲ့ပစ်မှတ်က တခြားစီဖြစ်‌နေတယ်ဗျ။ စစ်တပ်က အရပ်သားတွေအပေါ် အဓိက ပစ်မှတ်ထားနေတာဆိုတာ သိသာလာတယ်။ အခု ဗုံးကြဲတဲ့နေရာက လယ်လုပ်နေတဲ့ နေရာကိုကျတာ။ နေ့ခင်း ၁၁ နာရီကလည်း ဗုံးသီး ၃ လုံးချတယ်။ အထိခိုက်ကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲက ကျေးရွာတွေကို ဒီရက်ပိုင်းအတွင်း လေကြောင်းကနေ တိုက်ခိုက်တာ ပိုများလာတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကိုလည်း နမခ တပ်ကနေ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ Mi 35 ရဟတ်ယာဉ်နဲ့ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ပေါင် ၅၀၀ ဗုံးနဲ့ နတ်ကြီးရွာရဲ့ တောင်ဘက်ကိုတလုံး၊ မြောက်ဘက်ကို တလုံး၊ အရှေ့မြောက်ဘက်ကို ၂ လုံး၊ စုစုပေါင်း ၄ လုံးချခဲ့တယ်ဗျ။ ထိခိုက်သေဆုံးတာတော့မရှိခဲ့ဘူး။ ဘာလို့ အခုလို ဗုံးကြဲတာလဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ကြောင်းရှိတယ်အထင်နဲ့ လာပစ်တယ် လို့ပဲထင်တယ်” လို့ ပြောပါတယ်၊

နတ်ကြီးရွာဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာတည်ရှိပြီး မြစ်အတွင်းသွားလာတဲ့ စစ်မော်တော်ပေါ်က စစ်သားတွေကလည်း ရွာကို အကြိမ်ကြိမ်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ရွာသားတချို့ကတော့ တခြားနေရာကို ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013