ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဒီညနေ ၃ နာရီ ၂၀ မိနစ်လောက်က ဂျက်ဖိုက်တာတစီးလာတယ်။ ၂ ပတ် ပတ်ပြီး ဗုံးလာကြဲသွားတယ်၊ ကျည်လည်းပစ်သွားတယ်။ ၃ နာရီခွဲမှာ လေယာဉ် ၂ စီးလာတယ်။ ဗုံးလည်း လာချသွားတယ်။ ပစ်တာလည်း အရင်ကထက် ကြာအောင်ပစ်သွားတယ်” လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၁ နာရီလောက်ကလည်း ဆိုင်းတောင်ရွာ ကျောက်သွေးတောင်ဘက်နဲ့ ရပ်ကွက် ၃ ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၂ နာရီလောက်ကလည်း ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် စဘော့ရွာက ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်းတောင်ရွာမှာ လက်ရှိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေ တင်းမာနေသလို လက်နက်ကြီးပစ်ခတ်တာအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ရဲစခန်းလက်လွှတ်လိုက်ရတဲ့နောက် စစ်ကောင်စီဟာ ဖားကန့်မြို့ ဗျူဟာကုန်းစခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေပြီး လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။