ပြင်ပဒေါ်လာဈေး ပြန်ကျလာချိန်မှာ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅သန်းကို စက်တင်ဘာ ၁၆ ရက်က ထပ်မံရောင်းချပေးခဲ့ပါတယ်။
ပြင်ပငွေကြေးဈေးကွက်မှာတော့ ဒီနေ့ စက်တင်ဘာ ၁၇ ရက် မှာ အမေရိကန် တဒေါ်လာကို ဝယ်ဈေး ၁၄၈၅ ကျပ်၊ ရောင်းဈေး ၅၂၀၀ ကျပ်ဝန်းကျင်ထိ ပြန်ကျဆင်းနေပါတယ်။
“ဝယ်ဈေးက တဒေါ်လာကို ၅၀၀၀ အောက်ဆင်းသွားပြီး ဈေးက တောက်လျှောက်ပြန်ကျနေတာ။ ဗဟိုဘဏ်က ဒီလို ပုံမှန် ရောင်းပေးနေမယ်ဆိုရင်တော့ ဆက်ကျနိုင်တယ်” လို့ ဒေါ်လာ ဝယ်ရောင်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာတော့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းဟာ ကျပ် ၇,၀၀၀ ကျော်ထိ အမြင့်ဆုံးဈေးတန်းရောက်ခဲ့ပြီး စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာ သန်းရာချီ ရောင်းချပေးခဲ့ပြီးနောက်မှာ ဆက်တိုက်အကျရှိလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်ထဲကို ဒေါ်လာအပါအဝင် ယွမ်နဲ့ ဘတ်ငွေတွေကိုပါ ဆက်တိုက် ထုတ်ရောင်းပေးနေပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကနေ အခုလအထိ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ရောင်းထားပြီး နောက်ထပ် ဒေါ်လာ ၁၇ သန်းကိုလည်း စက်သုံးဆီနဲ့ စားသုံးဆီ တင်သွင်းတဲ့လုပ်ငန်းတွေအတွက် ထုတ်ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၃ ရက်မှာ အမေ ရိကန်ဒေါ်လာ ၂ သိန်းကျော်နဲ့အတူ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်၊ ထိုင်းဘတ် တသန်း နီးပါးကို ဗဟိုဘဏ်က ထုတ်ရောင်းချပေးခဲ့ပြီး မနေ့က စက်တင်ဘာ ၁၆ ရက်နေ့မှာ ဒေါ်လာ ၅ သန်း ထပ်မံထုတ်ရောင်းလာတာပါ။