နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးက အမြောက်တပ် ၄ ခုကို ပေးပို့နေတဲ့ ရာနဲ့ချီတဲ့ စစ်အင်အားတွေကို ပိတ်ဆို့ဖြတ်တောက်ထားနိုင်ဆဲဖြစ်တယ်လို့ TNLA က ပြောပါတယ်။
“မနေ့က ၄ ခုမှာ ၃ ခု ထိတွေ့မှုဖြစ်နေပါတယ်။ လက်ရှိ စစ်ကူပို့လာတာတွေကိုလည်း ကျမတို့ ဖြတ်တောက်နိုင်နေပါတယ်။ ဩဂုတ် ၂၀ ဝန်းကျင်လောက်က ပေးပို့တဲ့ စစ်ကူအင်အား ၄၀၀ လောက်ကိုလည်း ဖြတ်တောက်နိုင်ခဲ့ပါတယ်။ တရက်ထက် တရက် ပေးပို့လာတဲ့ စစ်ကူတွေကိုလည်း ကျမတို့ ကြားဖြတ်တိုက်ခိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်။”
တောင်ခမ်းက အမြောက်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အချိန်ကြာမြင့်နေရတာဟာ မြေပြန့်လွင်ပြင်ဖြစ်နေသလို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြာင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ဒီနေ့အထိ ကြာမြင့်နေရတာဖြစ်ပေမဲ့ စစ်ကောင်စီဘက်က အကျအဆုံးတွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီတောင်ခမ်းက တပ်တွေမှာ ကျောက်မဲ၊ လားရှိုးက ဆုတ်ခွာလာတဲ့ တပ်တွေရှိနေသလို နမ့်နမ်က အားဖြည့်ထားတဲ့ တပ်ပေါင်းစုတွေရှိနေတာဖြစ်ပြီး တပ်မ ၁၁ က အဖွဲ့တွေလည်း အားဖြည့်ထားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါသေးတယ်။
“တောင်ခမ်းတပ်နယ်က လားရှိုး၊ ကျောက်မဲကို စတိုက်ပြီဆိုကတည်းက တချို့တွေက မိသားစုတွေကြောင့် လက်နက်ချကြသူတွေလည်းရှိတယ်လေ။ အဲ့ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ မိသားစုတွေကို တောင်ကြီးဘက်ကို လွှတ်ထားတာရှိတော့ တောင့်ခံနိုင်တဲ့ အခြေအနေရှိတာပေါ့။”
စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေလည်း နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါသေးတယ်။