Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာခပ်စိပ်စိပ် ထုတ်ရောင်းမှုနှင့်အတူ ဒေါ်လာဈေး ကျလာ
DVB
·
September 16, 2024

စစ်ကောင်စီ  ဗဟိုဘဏ်က ဈေးကွက်ထဲကို နိုင်ငံခြားငွေ ခပ်စိပ်စိပ် ထုတ်ရောင်းလာမှုနဲ့အတူ အမေရိကန်ဒေါ်လာဈေး ကျပ် ၅၀၀၀ ဝန်းကျင်အထိ ပြန်ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန် ဒေါ်လာဈေးက  တဒေါ်လာကို  ဝယ်ဈေး ၅၂၀၀ ကျပ် ရောင်းဈေး ၅၃၀၀ကျပ်  ကြားမှာ အကျဈေးနဲ့ငြိမ်နေခဲ့ပြီး အခုရက်ပိုင်းမှာ တောက်လျှောက် ပြန်ဆင်းလာပါတယ်။

ဒီကနေ့ နိုင်ငံခြားငွေ ဈေးကွက်ထဲမှာတော့  တဒေါ်လာကို ဝယ်ဈေး ၅၀၀၀ ကျပ် ၊ရောင်းဈေး ၅၂၀၀ ကျပ် ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတယောက်က "ဒီရက်ပိုင်း တောက်လျှောက် ပြန်ကျတယ်။ ဈေးက မငြိမ်ဘူးဗျ၊ မနက်တဈေး၊ ညတဈေး ဖြစ်နေတာ" လို့ ပြောပါတယ်။

စစ်ကောင်စီ ‌ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကနေ အခုလအထိ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ရောင်းထားပြီး နောက်ထပ် ဒေါ်လာ ၁၇ သန်းကိုလည်း စက်သုံးဆီနဲ့ စားသုံးဆီ  တင်သွင်းတဲ့လုပ်ငန်းတွေအတွက် ထုတ်ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ကြေညာခဲ့ပါတယ်။

အဲဒီ အမေရိကန်ဒေါ်လာ ၁၇ သန်းကို ဘယ်နေ့မှာ ဘယ်ဈေးနဲ့ ရောင်းပေးလို့ အတိအကျ ထုတ်ပြန် အသိပေးထားတာ မရှိပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂ သိန်းကျော်နဲ့ အတူ တရုတ်ယွမ်  ၁ ဒသမ ၅ သန်း‌ကျော်၊ ထိုင်းဘတ် တစ်သန်း နီးပါးကို  ရောင်းချပေးခဲ့ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံခြားငွေကြေး ဈေးကွက်ထဲကို FX Market Online Trading Platform ကတဆင့် ဒေါ်လာ အမေရိကန်ဒေါ်လာ ၂၃၀,၀၀၀ ၊ ယွမ် ၁,၅၂၄,၄၄၇.၈၄ နဲ့ ဘတ် ၉၅၆,၉၃၀ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ရောင်းချပေးတဲ့ ငွေလဲနှုန်းတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၃၅၀၇ ကျပ်၊ ၁ ယွမ်ကို ၄၉၇ ဒသမ ၃၀ ကျပ်နဲ့ ၁ ဘတ်ကို ကျပ် ၁၀၆ ဒသမ ၅၀ ဈေးတွေနဲ့ ထုတ်ရောင်းခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက  ပြင်ပနိုင်ငံခြားငွေကြေး ဈေးကွက်မှာ ဒေါ်လာဈေး ကျပ် ၇၀၀၀ ကျော်ထိ အမြင့်ဆုံးနှုန်းထားရောက်ခဲ့ပြီး  ဗဟိုဘဏ်က  ဒေါ်လာ သန်းရာချီ ရောင်းချပေးခဲ့ပြီးနောက်မှာ  ဆက်တိုက်အကျရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို  ဒေါ်လာတွေ သန်းချီထုတ်ရောင်းချပြီး ဈေးနှုန်းကို ထိန်းချုပ်တာက  ရည်ရှည်အတွက် အလုပ်မဖြစ်နိုင်ဘူးလို့ ဝေဖန် သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013