Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆေးဝါးပြတ် ဈေးတက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
September 16, 2024

ဧရာဝတီတိုင်းမှာ အိမ်သုံးဆေးဝါးရောင်းချတဲ့ဆိုင်တွေကို ဈေးတင်မရောင်းဖို့နဲ့ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ လိုက်လံစစ်ဆေး သတိပေး ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲက ညောင်တုန်း၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ ကျုံပျော်၊ မအူပင်၊ ဘိုကလေး၊ ကျိုက်လတ် စတဲ့မြို့နယ်တွေမှာ စက်တင်ဘာ ၁၃ ရက်က စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးနေတာလို့ ဆိုပါတယ်။

မအူပင်မြို့က အိမ်သုံးဆေးဝါး အရောင်းဆိုင်ရှင်တယောက်က “ရဲတွေပါတဲ့ အဖွဲ့က လာစစ်ဆေးတာ၊ လန့်သွားတာ။ ဈေးမကစားဖို့၊ မရောင်းဘဲမနေဖို့၊ အကန့်အသတ်နဲ့ မရောင်းဖို့၊ အဓိက ဆေးဝါးပြတ်လပ်နေတဲ့ဆိုင်တွေ ပိတ်ရတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ စစ်ဆေးတာလို့ ပြောတယ်။ ဆေးဝါးတွေ ဈေးတက်ရောင်းတာ၊ အကန့်အသတ်နဲ့ရောင်းတာ၊ ဆိုင်ပိတ်ထားတာတွေ လုပ်ရင် ဖမ်းဆီးအရေးယူ အပြစ်ပေးမယ်လို့ ပြောသွားတာ။ တခြားနေရာတွေမှာလည်း စစ်နေတယ်လို့ ကြားတယ်။ ရောင်းတဲ့သူတွေပဲ လိုက်စစ်ဆေး ခြိမ်းခြောက်နေတာ။ ဆေးဝါးတင်သွင်းတဲ့သူတွေမှာ အဓိက တာဝန်မရှိတာကြနေတာပဲ။ လောက်လောက်ငင အဆင်ပြေပြေ တင်သွင်းပေးလေ” လို့ ပြောပါတယ်။

အိမ်သုံးဆေးဝါး အရောင်းဆိုင်တွေကို လိုက်လံစစ်ဆေးတဲ့အဖွဲ့မှာ စစ်ကောင်စီ လက်အောက်ခံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ စတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် အဖွဲ့အစည်းတွေက စစ်ဆေး သတိပေးနေတာလို့ သိရပါတယ်။

ညောင်တုန်းမြို့က နိုင်ငံခြား အိမ်သုံးဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်းရှင် တယောက်က “စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းအဖွဲ့တွေကတော့ သက်သက်ဈေးကစားချင်လို့ နိုင်ငံဆူပူအောင် လုပ်ချင်လို့ ဆေးတွေပြတ်လပ်နေတယ်လို့ လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်လာလို့ သတိပေး စစ်ဆေးတာဆိုပြီး လိုက်စစ်နေတာပဲ။ သူတို့အနေနဲ့ ဒီလိုဆိုင်လေးတွေကို စစ်မယ့်အစား ဆေးဝါးတင်သွင်းတဲ့ စနစ်ကို ပြန်စစ်ဆေးရမှာ။ ဘယ်လောက်တင်သွင်းရမလဲ။ ဘယ်လောက်သုံးစွဲနှုန်း ရှိနေလဲ။ ဘယ်ဆေးဝါးတွေ အဓိက လိုအပ်နေလဲပေါ့။ လာစစ်တဲ့အဖွဲ့က စစ်ဆေးအသိပေးပြီးတဲ့နောက် ဆေးဝါးတွေ ဈေးတင်ရောင်းရင် ဖမ်းဆီးအရေးယူ အပြစ်ပေးတာတွေ လုပ်သွားမှာလို့ ပြောသွားတာ” လို့ ပြောပါတယ်။

အိမ်သုံးဆေးဝါး ရောင်းချတဲ့ဆိုင်တွေကို လိုက်ပြီး စစ်ဆေးသတိပေးတာဟာ ဆေးဝါးတွကို မရောင်းဘဲ သိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာ၊ ဆေးဝါးတွေ ပြတ်လပ်နေတယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေ ဖြန့်နေတာနဲ့ ပတ်သက်လို့ အခုလို စစ်ဆေး အရေးယူဖို့ သတိပေး စစ်ဆေးနေတာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိ ဒေါ်လာဈေး မတည်ငြိမ်တာနဲ့ စစ်ကောင်စီက ပြည်ပကုန်စည်တင်သွင်းမှု စနစ်တကျ မဆောင်ရွက်နိုင်တာကြောင့် အိမ်သုံးဆေးဝါးတွေ ဈေးနှုန်းအနေနဲ့ အရင်က ငွေကျပ် ၅,၀၀၀ ပေါက်တဲ့ ဆေးဝါးတွေဟာ လက်ရှိ ၁၄,၀၀၀ ကျော်အထိ ဈေးထပ်တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးဝါးတွေ ဈေးနှုန်းဆက်လက်မြင့်တက်လာတာကြောင့် ရေရှည် ဆေးသောက်နေရတဲ့ နာတာရှည် ဝေဒနာသည်တွေမှာ ဆေးဝါးဆက်လက်သောက်သုံးနိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013