Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ပြည်သူပိုင်ရေယာဥ်များ သွားလာခြင်းမပြုရန် ကနီပအဖ တားမြစ်
DVB
·
September 17, 2024
Photo-ကနီ ပအဖ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ ပြည်သူပိုင် ရေယာဥ်တွေကို ယာယီသွားလာခြင်းမပြုဖို့ စက်တင်ဘာ ၁၆ ရက်မှာ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး တားမြစ်ထားပါတယ်။

ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “စစ်ကောင်စီရေယာဥ်တွေ စုန်ဆင်းလာနေတာဖြစ်လို့ ပြည်သူပိုင်ရေယာဥ်တွေ အစုန်အဆန်သွားလာတာ မလုပ်ကြဖို့ ဒီမနက် ၆ နာရီကစလို့ တားမြစ်ရတာ ဖြစ်ပါတယ်။ အဲဒီစစ်ရေယာဥ်တွေ ဒီမြို့နယ်အတွင်းကနေ လွတ်ကင်းသွားတဲ့အချိန်ရောက်ရင်တော့ ပြန်လည်ခွင့်ပြုပေးသွားမှာပါ” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်တွေဟာ အစုန်အဆန် သွားလာတိုင်း မြစ်ကမ်းဘေးဝဲယာတွေကို ပစ်ခတ်လေ့ရှိတဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာတွေ ရှိခဲ့တာကြောင့် အခုလို တားမြစ်ရတာလို့ ဆိုပါတယ်။

ကနီမြို့နယ်က ချင်းတွင်းမြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြစ်ကမ်းနဲ့ ၃ မိုင်ပြင်ပအထိ ယာယီရွှေ့ပြောင်းပေးကြဖို့လည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။ 

“သူတို့ ရေယာဥ်တွေ ဖြတ်သန်းတဲ့အချိန် မြစ်ကမ်းဘေးဝဲယာတွေကို ပစ်ခတ်တာတွေရှိသလို တပ်ပေါင်းစုတွေကလည်း ကြားဖြတ်တိုက်ခိုက်တာတွေ ရှိတယ်။ မြစ်ကမ်းဘေးမှာနေတဲ့ ပြည်သူတွေ မထိခိုက်စေချင်တာကြောင့် အခုလို ကြိုတင်ရွှေ့ပြောင်းခိုင်းရတာပါ” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အတိုင်း မော်လိုက်မြို့နယ်ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဥ် ၉ စီးဟာ ကလေးဝမြို့နယ်၊ ပလူဇဝကျေးရွာကို ရောက်ရှိနေ​ပြီး အဲဒီကနေ မင်းကင်းနဲ့ ကနီမြို့နယ်တို့ကို မြစ်ကြောင်းအတိုင်း ဖြတ်သန်းသွားမယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013