Home
မြန်မာသတင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ရေဘေးကိစ္စဆွေးနွေး
DVB
·
September 17, 2024
Photo - Ministry of Foreign Affairs Please credit and share this article with others using this link: https://www.bangkokpost.com/thailand/general/2866531/maris-in-talks-with-myanmar. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post PCL. All rights reserved.

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ် ဆငဲမ်ဖုန်းဟာ ဒေသတွင်း ရေလွှမ်းမိုးမှု လျော့ပါးစေဖို့ အပြန်အလှန် နည်းလမ်းတွေ ရှာဖွေနိုင်ရေးအတွက် မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းပြီး ကုန်းမြင့်တွေကနေ သံလွင်မြစ်အတွင်း စီးဝင်တဲ့ ရေတွေကြောင့် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ရေကြီးရေလျှံမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရတယ်လို့ ဝန်ကြီးက မှတ်ချက်ပြုသလို အဆိုပါ ရေကြီးရေလျှံမှုကို လျော့ပါးသက်သာစေဖို့ အိမ်နီးချင်း နှစ်နိုင်ငံအနေနဲ့ နည်းလမ်းတွေ ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ရေကြီးမှုအခြေအနေဟာ မဲခေါင်မြစ်ကြောင်းတလျှောက်က နိုင်ငံအားလုံးအပေါ် သက်ရောက်နေပြီး မြန်မာနိုင်ငံ တာချီလိတ်နယ်စပ်မြို့မှာ နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးအနေနဲ့ ရေလွှမ်းမိုးနိုင်တဲ့ နေရာတွေအဖြစ် ပြောင်းလဲနိုင်တဲ့ ဧရိယာတွေ သတ်မှတ်နိုင်ဖို့ နှစ်နိုင်ငံ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ နည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံစလုံးမှာ သံလွင်မြစ်ကမ်း တဖက်တချက် အဆောက်အအုံတွေ ဆောက်လုပ်ထားတာကြောင့် ရေလမ်း ကျဉ်းမြောင်းတိမ်ကောကာ ရေနုတ်မြောင်းပြဿနာကို ပိုမိုဆိုးရွားစေကာ ရေရှည်မှာ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ဖို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကတဆင့် ရေစီမံခန့်ခွဲမှုမှာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုကို အဆိုပြုနိုင်ဖို့ ပြင်ဆင်နေကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်က ပြောပါတယ်။

တချိန်တည်းမှာပဲ ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံးကလည်း မကြာသေးခင်ကပဲ တရုတ်နိုင်ငံက မဲခေါင်မြစ်ထဲကို ရေမလွှတ်ဘူးလို့ ထုတ်ပြန်ထားသလို မြစ်အထက်ပိုင်းမှာ တည်ရှိတဲ့ ဂျင်းဟောင်ရေကာတာမှာ ရှိတဲ့ ရေပမာဏကို စဉ်ဆက်မပြတ် ထိန်းချုပ်ထားတာကြောင့် မဲခေါင်မြစ်တောင်ပိုင်းက ရေကြီးရေလျှံမှု အခြေအနေ ပိုဆိုးလာတာက ဒါကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မဲခေါင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ကနေ စတင်ခဲ့တဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်းဟာ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်က ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ လူ ၂၀၀ နီးပါးနဲ့ မြန်မာနိုင်ငံမှလည်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ စက်တင်ဘာ ၁၅ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက မြို့နယ် ၆၉ မြို့နယ်မှာ သေဆုံးမှုအနေနဲ့ နေပြည်တော်မှာ ၄၇ ဦး၊ ကရင်ပြည်နယ်မှာ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ ၇၆ ဦး၊ ရှမ်းပြည်နယ်မှာ ၄၃ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၁ ဦးရှိနေတယ်လို့ ပြောပေမဲ့ မြေပြင်မှာတော့ ဒီထက်ပိုများနိုင်ပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို အရပ်ဘက်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013