မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီး (သာယာကြီး) ကျေးရွာမှာ စက်တင်ဘာ ၁၆ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလစ်အငိုက် စီးနင်းဝင်ရောက်တိုက်ခိုက်ပြီး PDF ရဲဘော်တွေ အပါအဝင် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ခြုံကြီး(သာယာကြီး)ကျေးရွာမှာ စက်တင်ဘာ ၁၆ ရက် မနက် ၆ နာရီက အရပ်ဝတ်နဲ့ စစ်သား ၃၀ လောက် ကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် ဖမ်းဆီး ပစ်သတ်သွားတာလို့ ရွာခံအမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က တရွာလုံးနီးပါးကို ဘယ်အချိန်ထဲက စီးထားလဲမသိဘူး။ ရွာထဲကိုတော့ အရပ်ဝတ်နဲ့ ၃၀ လောက် ဝင်လာပြီးတော့ PDF က ၂ ဦးကို ဘုရားကုန်းပေါ် ဖမ်းခေါ်သွားပြီး မကြာဘူး ပစ်ခတ်ကြတော့တာပဲ။”
စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ မှ အိုင်အို ကိုဖက်တီး၊ မြင်းခြံခရိုင် ပကဖမှ ကိုအီးတီ၊ ရဲဘော်ငထွန်း အပြင် ဒေသခံတွေဖြစ်တဲ့ ကိုကုလား၊ ကိုကျော်သက်၊ ကိုဘောကြီးတို့ ၆ ယောက်ဖြစ်ကြောင်း၊ ရဲဘော်ငထွန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန် ၅ ယောက်မှာ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာတော့၊ ခြုံကြီး(သာယာကြီး)ရွာ တိုက်ပွဲအတွင်း အလောင်း ၁၁ လောင်း တွေ့ရှိပြီး ၄ ယောက် အရှင်ဖမ်းမိကာ သေနတ်တလက်၊ ကျည်၊ ခဲယမ်းတွေနဲ့ ကား ၃ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီခွဲကလည်း စစ်ကောင်စီ လေကြောင်းက Mi-35 တစီး၊ ဂျက်ဖိုက်တာတစီးနဲ့ ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်သည် အမျိုးသမီး တယောက် သေဆုံးခဲ့ပြီး ဒေသခံ ၁၁ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ခြုံကြီး(သာယာကြီး)ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၇ ရက် မနက်မှာ ရွာကနေ ပြန်ဆုတ်သွားပြီးနောက် ရွာမြောက်ဘက်ရှိ မြင်းခြံသံမဏိစက်ရုံဝင်း အတွင်း အင်အားအလုံးအရင်းနဲ့ ရှိနေကြသေးတယ်လို့ မြင်းခြံခရိုင်ပကဖထံက သိရပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီဝန်းကျင်ကလည်း တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာအုပ်စု၊ ပြဿဒ်ကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းဆောင်နဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
တောင်သာ လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ခံတယောက်က “ညဥ့်နက်ပိုင်းမှာ လေယာဥ်သံကြားရပြီး ဗုံး ၂ လုံး လာကြဲသွားတာလို့ အဲဒီရွာခံတွေဆီကနေ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ပြဿဒ်ကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်းက စေတီတချို့နဲ့ ဘုန်းကြီးကျောင်းဆောင် အပါအဝင် အနီးအနားက လူနေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ မရှိတဲ့အပြင် သူတို့ဘက်က ညပိုင်းကြီးမှာ အသားလွတ် ဗုံးကြဲသွားတာပါ။ လူအထိအခိုက်တော့ မရှိပါဘူး။ တောင်သာမြို့နယ်ထဲကို သြဂုတ်လထဲမှာတင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် လုပ်ခဲ့တယ်။ အဲဒီထဲမှာ ၃ ကြိမ်က ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခံခဲ့ရတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ပြဿဒ်ကြီးကျေးရွာရဲ့ အရှေ့ဘက်၊ ကမ်းပါးယံဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်တချို့ ပျက်စီးပြီး သံဃာတော်တပါး ဒဏ်ရာရရှိခဲ့ကာ ဩဂုတ် ၂၃ ရက်မှာလည်း တောင်သာမြို့နယ်၊ ပန်းပေါင်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင် ဩဂုတ် ၂၆ ရက်မှာလည်း ကျွဲတလင်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းဆောင် ၃ ဆောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးတာတွေအပြင် လေကြောင်းရန် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ပြုလုပ်ထားကြဖို့လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က စတင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)” အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။