Home
မြန်မာသတင်း
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီး တိုက်ပွဲပြင်းထန် 
DVB
·
September 16, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ လက်ကျန် အမြောက်စခန်း ၂ ခုကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေဆဲပဲလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )က ပြောပါတယ်။ 

တောင်ခမ်းကျေးရွာအနီးမှာရှိတဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် မစခ -၉၀၂နဲ့ လက်အောက်ခံ အမြောက်တပ်ရင်း ၃ ရင်းတို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ်စပိုင်းကတည်းက စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး ခုဆိုရင် တလဝန်းကျင်ရှိခဲ့ပါပြီ။

အမြောက်တပ်တွေဖြစ်တဲ့ အမတ-(၂၀၆) နဲ့ (၄၀၆) တို့ကိုတော့ TNLAနဲ့ ပူးပေါင်းတပ်တွေက ဩဂုတ် ၂၆ ရက်မှာ သိမ်းပိုက်ခဲ့ပြီး  ကျန်တဲ့စခန်း ၂ ခုကိုတော့ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကာ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

တောင်ခမ်းကျေးရွာဟာ နောင်ချိုမြို့ တောင်ဘက်က မိုင် ၂၀ ဝန်းကျင်အကွာ နောင်ချို-ရပ်စောက် ကားလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး ရှမ်းမြောက်နဲ့ ရှမ်းတောင်ကြားက အရေးကြီးတဲ့ တံခါးတချပ်လို့လည်းစစ်ရေးလေ့လာသူတွေက ပြော ပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်ကလည်း တပ်အင်အားဖြည့်တင်းတာတွေ ရှိနေသလို လေကြောင်းပစ်ကူတွေနဲ့ပါ ခုခံနေတာပါ။

လက်ရှိအခြေအနေအရတော့ တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အခြေအနေဖြစ်ပြီး တိုက်စစ်ကို ရေရှည်တောင့်ခံဖို့ မလွယ်ဘူးလို့လည်း CDM ဗိုလ်ကြီးတယောက်က ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ထားနိုင်ဖို့ကတော့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

တောင်ခမ်းအပြင် ရှမ်းမြောက် သီပေါမှာရှိတဲ့ ခလရ (၂၃) ကိုလည်း TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ဘက်က ပြောပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013