ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချို့မြို့ပေါ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်နေ့ တရက်တည်း လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဗုံးကြဲတာ ၂ ရက် ဆက်တိုက်ရှိပြီလို့ ပြောရမှာပေါ့နော်။ ၂ ရက် ဆက်တိုက်ဆိုပေမယ့် မနေ့က နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်လောက်က ၄ လုံး။ ည ၁၁ နာရီ ၅၀ ဝန်းကျင်လောက်က ၃ လုံး ပေါ့နော်။ ဆိုတော့ တရက်တည်းမှာ ၂ ကြိမ် ဆက်တိုက်ထုတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်ည ၁၁ နာရီ ၅၀ မိနစ်လောက်က ကြဲသွားတဲ့ ဗုံး ၃ လုံးက တောင်ရပ်ဘက် ကံကြီးလမ်းပေါ်က လူမနေတာကြာတဲ့ ဝန်းထဲကိုကျပြီး အဲဒီအိမ်ပျက်စီးသွားကာ တောင်ရပ်ထဲက ညောင်ကုန်းဘုရား အနည်းငယ် ပျက်စီးတဲ့အပြင် ဘေးနားအိမ်တွေမှာလည်း မှန်ကွဲတာတွေ၊ တံခါး ပွင့်ထွက်တာတွေ၊ လက်နက်ကြီးစ လာမှန်တာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
နေ့လယ်ပိုင်းက ကြဲတာက နောင်ချိုကနေ ကျောက်မဲဘက်အထွက် အေးရှားဝေါအနီး သံလမ်းနားက နေအိမ်တအိမ် နည်းနည်းထိပြီး ဘေးနားကဆိုင်တွေကိုလည်း လက်နက်အစအနတွေ ထိမှန်လို့ မှန်တွေကွဲသွားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၄ လုံး ကြဲတဲ့ထဲမှာ အေးရှားဝေါအနီး မြို့အထွက်သံလမ်းနားက အိမ်နား ၂ လုံးကျပြီး နောက်ထပ် ၂ လုံးက ၆၀၆ ဘက်ထွက်တဲ့လမ်းဘက် သပြေတောင်အောက်နားကျပြီး တလုံးကတော့ မကွဲဘူးလို့ သိရကြောင်းလည်း ပြောပါတယ်။
၁၃ ရက်နေ့က မြို့ကို ၁၂ နာရီခွဲလောက်က စပြီးတော့ အကြောင်းပြချက်မရှိ လက်နက်ကြီးတွေ လှမ်းလှမ်းထုတာကြောင့် နေ့လယ် ၁ နာရီခွဲ၊ ၂ နာရီဝန်းကျင်လောက်က ရဲစခန်းအုတ်တံတိုင်း ထိပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုကြပါတယ်။
စက်တင်ဘာ ၁၄ ရက် နေ့လယ်မှာ စစ်ကောင်စီက Jet fighter နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲခဲ့ပြီး ဗုံးကြဲ လက်နက်ကြီး ပတ်ခတ်တာကြောင့် လူနေရပ်ကွက်ထဲကျလို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားကြောင်း၊ ဗုံး ၂ လုံးထဲက တလုံးတော့ မပေါက်ကွဲကြောင်းနဲ့ လေယာဉ်ဗုံးအပြင် ရော့ကက်ဒုံးနဲ့ ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၃ ရက် နေ့လယ်ကလည်း စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနဲ့ လူနေရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီသွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။