တရုတ်နဲ့ ပတ်သက်ပြီး သူ့နေရာကနေ တွေးကြည့်တဲ့အခါ မြန်မာ့အရေးကို သူ ထွက်စေချင်တဲ့ အဖြေမျိုး ထွက်အောင် ကြိုးပမ်းရဖို့ အကြောင်းရင်းတွေ တော်တော်များနေတာကို တွေ့ကြရမှာပါ။ သူ့ရင်းနှီးမြှုပ်နှုံတွေကို လုံခြုံစိတ်ချနေချင်လို့ ဆိုတာ အကြောင်းရင်းတွေထဲက တခုသာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကြီးငါးကြီးထဲက တနိုင်ငံပီပီ ငြိမ်းချမ်းရေးစကားပြောပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း ပြသဖို့ရော၊ သူ့ကိုယ်ကျိုးစီးပွား မထိခိုက်အောင် မြန်မာမှာ တည်ငြိမ်တာကို တကယ်လိုလားနေတာရော ဆိုတာကလည်း နောက်အကြောင်းရင်း တခုပေါ့။ တကယ့်အရေးအကြီးဆုံး အကြောင်းရင်းနောက်တခုကတော့ သူ့လူထုကို တော်လှန်ဝိညာဉ်တွေ မကူးစက်စေချင်တာပါပဲ။
ကိုဗစ်မလွန့်တလွန် ၂၀၂၂ ခုနှစ်မှာ တရုတ်ရဲ့ ကိုဗစ်လုံးဝ မရှိစေရ မူဝါဒကြောင့် အိမ်တွေထဲ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ပိတ်လှောင်ခံရတဲ့ လူထုဟာ အေဖိုးစာရွက်အလွတ်တွေကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ စက္ကူဖြူလှုပ်ရှားမှု ပေါ်ထွက်လာတဲ့အခါ တရုတ်ဟာ သူ့လူထုရဲ့ လူမှုခံစားချက်အပေါ် အခြေခံတဲ့ လှုပ်ရှားမှုကို နိုင်ငံရေးလှုပ်ရှားမှုအဖြစ် အသွင်ပြောင်းမသွားအောင် ဂရုစိုက်ပြီး ကိုင်တွယ်ခဲ့ပါတယ်။ သူကသာ ဘယ်လူထုကိုမှ အနိုင့်အထက် မလုပ်ခဲ့ဘူးလို့ ဝါဒဖြန့်စကားတွေ ပြောနေပေမဲ့ ဝီဂါနဲ့တိဘက်တွေကို သူ ဘယ်လိုဆက်ဆံနေဆဲ၊ ဆက်ဆံနေခဲ့တယ်ဆိုတာ ကမ္ဘာသိပါ။ အဲဒီလူနည်းစုတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိနေပေမဲ့ ကျန်လူများစုကို မကူးစက်အောင်ရော၊ အဲဒီဝီဂါနဲ့တိဘက်မှာ လက်နက်ကိုင်တော်လှန်ရေး မပေါ်ပေါက်လာအောင်ပါ ကြိုးပမ်းဖို့ဆိုတာ တရုတ်ရဲ့ အဓိက အရေးကိစ္စပါ။ တိဘက်လှုပ်ရှားမှုဟာ အမြဲတစေ လက်နက်မဲ့လှုပ်ရှားမှုဘောင်ထဲမှာပဲ ရှိတဲ့အတွက် သိပ်စိတ်မပူစရာ မလိုဘူးပေါ့။ ဝီဂါကတော့ လက်နက်ကိုင်လှုပ်ရှားမှုလည်း ရှိခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေမို့ ဘာသာရေးအရ ကမ္ဘာ့လူများစုကြီးနဲ့ ချိတ်ဆက်နေလို့ စာနာထောက်ကူမှု ပိုရနိုင်တဲ့အတွက် သူ့အပေါ် ပိုပြီးဖိအားပေးနိုင်တဲ့ အစုလို့ ဆိုနိုင်ပါတယ်။
တရုတ်ဟာ ပြည်တွင်းမှာ လက်နက်ကိုင်တော်လှန်ရေးအသွင် မပြောနဲ့ စက္ကူဖြူလူမှုရေးလှုပ်ရှားမှုမျိုး ပေါ်ပေါက်လာတာကိုတောင် ခပ်အုပ်အုပ်နဲ့ ပွဲပြီးသွားဖို့ အားထုတ်ခဲ့တာဟာ သူ့လူထုရဲ့ စီးပွားရေးအဆင်ပြေလာတာနဲ့အမျှ လွတ်လပ်မှုကို အာသာပြင်းပြလာတဲ့ ရေချိန်အပေါ် စိုးရိမ်စိတ်တွေ ရှိနေခဲ့လို့ပါပဲ။ ဒီအခြေအနေမှာ ကျားဖြန့်တွေကြောင့် တရုတ်ရဲ့ စီးပွားရေးအဆောက်အအုံနဲ့အတူ တရုတ်လူထုမှာ ထိခိုက်ရတာတွေ ဖြစ်လာခဲ့တာကလည်း သူ စိတ်ပူမယ်ဆို စိတ်ပူလောက်စရာပဲပေါ့။ ဒီတော့ နှစ်နိုင်ငံကြားမှာ သူပုန်အုပ်စုတွေကို ကြားခံ Buffer ထားလေ့ရှိတဲ့ သဘောတရားအရ သူ့ဩဇာကို မလွန်ဆန်နိုင်အောင် မြန်မာပြည်တွင်း လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့ဆက်ဆံခဲ့တဲ့ ဗျူဟာကို အကွန့်အညွန့်တွေ ပိုပြီး လုပ်လာရတာ မဆန်းပါဘူး။
ဆန်းမှာက သူ့နယ်ထဲက ဝီဂါတွေဆီကို မြန်မာဘက်က လက်နက်တွေ ရောက်လာတဲ့ အခါမျိုးမှာပေါ့။ တရုတ်ဟာ ဝီဂါနယ်မှာ မြန်မာ့တော်လှန်ရေးကို အားကျတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာမှာကိုရော၊ ကျန်တဲ့ လူများစု သူ့လူထုမှာ (အောင်မြင်နေတယ်လို့ သိထားတဲ့) နွေဦးတော်လှန်ရေးဝိညာဉ်မျိုး ပူးကပ်လာမှာကိုပါ မလိုလားမှာ သေချာပါတယ်။ သူ့အနေနဲ့ စီးပွားရေးအရ တံခါးဟနိုင်ပေမဲ့ နိုင်ငံရေးအရ ကွန်မြူနစ်ဝါဒနဲ့ တပါတီစနစ်ကို ဘယ်လိုနည်းနဲ့မှ မစွန့်လွှတ်နိုင်တာ၊ ဒီမိုကရေစီ ဆိုတာကို မလိုလားတာလည်း သေချာပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘယ်လိုပဲ လက်ရှိတပ်ခေါင်းဆောင်ကို အရည်အချင်းမဲ့လို့ သဘောမကျဘူးဆိုဆို စစ်တပ်အုပ်ချုပ်ရေး ဆိုတာအပေါ် လက်မခံ ငြင်းဆန်ဖို့ အစီအစဉ် မရှိနိုင်ပါဘူး။
ဒါပေမဲ့ စစ်ကောင်စီဟာ ရေရှည်ရပ်တည်ရှင်သန်နိုင်ဖို့ အရည်အသွေးရော၊ အရေအတွက်ရော၊ အမြော်အမြင်ရော မရှိတာကို တရုတ်ဟာ ကောင်းကောင်းသဘောပေါက်ပါတယ်။ စစ်ကောင်စီ ဆက်ရှိနေတဲ့အတွက် သူ့အကျိုးစီးပွားတွေ ဆက်ပြီး မလုံမခြုံဖြစ်နေရတာကိုလည်း သူ ကောင်းကောင်းသိပါတယ်။ သိပ်မကြာခင်မှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ တမျိုးတဖုံ ပြောင်းလာတော့မှာကို သူ့အနေနဲ့ ဘာမှ မတားနိုင်မှာကိုလည်း ရိပ်မိမှာပါပဲ။ ဒီတော့ ကိုယ်ကျိုးစီးပွားတွေ တင်းကြမ်းရှိနေပြီး အိမ်နီးချင်းဖြစ်နေတဲ့ မြန်မာ့မြေမှာ လက်နက်ကိုင်တော်လှန်ရေး ဆက်ဖြစ်နေမှာကို စိုးရိမ်နေတာဟာ သူ့လူထုဆီ တော်လှန်ရေးဝိညာဉ်နဲ့အတူ နည်းနာတွေပါ ကူးစက်လာမယ့်အရိပ်အခြေတွေကြောင့်ပါ။
အဘက်ဘက်က ချင့်တွေးပြီး ပြင်ဆင်တတ်တဲ့ တရုတ်အနေနဲ့ လုပ်နိုင်တာတွေကလည်း အများကြီး ရှိနေဆဲပါပဲ။ ငြိမ်းချမ်းရေးအတွက်လို့ ဆိုပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် တဖွဖွ ပြောနေတဲ့ တပြိုင်တည်းမှာပဲ နောင်လာမယ့်အခင်းအကျင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမျိုး ဖြစ်သွားရင် သူ့လူထုက သိပ်အားကျလာရင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း တွေးနေမှာပါ။ သူ ထွက်စေချင်တဲ့ အဖြေဟာ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီ အခြေကျသွားဖို့ မဟုတ်တာလည်း သေချာပါတယ်။ သူ လိုချင်တာက တည်ငြိမ်အေးချမ်း ကျိုးနွံသေဝပ်ပြီး စီးပွားရေး လုပ်လို့ ကောင်းတဲ့ အိမ်နီးချင်းသက်သက်ပါ။ ဒီတော့ သူ ယုံကြည်တဲ့ ကွန်မြူနစ်ဝါဒကို (ဒါမှမဟုတ် တကိုယ်ရည်လူမှုစီးပွား လွတ်လပ်မှုတွေအောက်မှာ နိုင်ငံရေးလွတ်လပ်မှုတွေ မေ့နေစေတဲ့ နိုင်ငံရေးအခင်းအကျင်းကို) လိုက်ပါလက်ခံ ကျင့်သုံးချင်တဲ့ နိုင်ငံရေးအုပ်စုတွေ မြန်မာ့မြေပေါ်မှာ ရှင်သန်ဖွံ့ဖြိုးလာအောင် ထောက်ခံအားပေးဖို့ဟာလည်း သူ့အတွက် လိုအပ်ချက်တခုပါပဲ။
တချို့ ဒီမိုကရေစီနိုင်ငံတွေမှာ အတိုက်အခံကောင်းတွေကို တမင်ကို ရှင်သန်နိုင်အောင် အားပေးကြရပါတယ်။ မွေးယူကြတယ်လို့တောင် သုံးနှုန်းကြတာပေါ့။ အရည်အချင်းမဲ့ပြီး မူဝါဒအရ ဒီမိုကရေစီကို တကယ်မယုံကြည်ဘဲ ဖျက်မြင်းအဖြစ် ရပ်တည်ပြီး ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီစကားပြောမယ့်အုပ်စုတွေလို အတိုက်အခံဆိုးတွေ ပေါများလာမှာထက်စာရင် ဒီမိုကရေစီကို တကယ်ယုံကြည်ပေမဲ့ အုပ်ချုပ်ခွင့်ရအုပ်စုနဲ့ သဘောထား တထပ်တည်းမတူတဲ့ အတိုက်အခံကောင်းတွေ အားကောင်းမှလည်း ဒီမိုကရေစီဆိုတာ ရှင်သန်နိုင်တာကိုး။ ဒါကြောင့် ဒီမိုကရေစီ ရှင်သန်ဖို့ဆိုတာမှာ ဒီ ဒီမိုကရေစီစနစ်ကို ယုံကြည်တဲ့ နိုင်ငံရေးအုပ်စုတွေကြား ယှဉ်ပြိုင်မှုဟာ အရေးကြီးပါတယ်။ ဒါမှ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း မပျက်၊ တိုင်းပြည်လည်း မပျက်ဖြစ်မှာကိုး။
တရုတ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တစ်ပါတီစနစ်နဲ့ ရပ်တည်ခဲ့သူပီပီ ယှဉ်ပြိုင်ပြီးမှ ရှင်သန်ရတဲ့ ဒီမိုကရေစီသဘောထားကို နားမလည်ပေမဲ့ ဒီမိုကရေစီခေတ်မှာ ဘယ်နိုင်ငံရေးပါတီမဆို လူထုက လက်ခံရင် အာဏာရနိုင်တယ်ဆိုတာတော့ နားလည်ပါတယ်။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ပြီး သူ့မူဝါဒနဲ့ ယုံကြည်ရာကို လက်ခံအားပေးနိုင်မယ့် နိုင်ငံရေးအစုအဖွဲ့တခု မြန်မာ့မြေပေါ်မှာ ရှိနိုင်ဖို့ဟာ သူ့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် တရုတ်ဟာ ပြည်တွင်းက လက်နက်ကိုင်အစုအဖွဲ့တချို့ကိုသာမက နိုင်ငံရေးအစုအဖွဲ့တချို့ကိုပါ မသိမသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် အားပေးရမှာပါ။
ဒီကြားထဲ ပထဝီအနေအထားအရ မြန်မာ့အရေးကို တရုတ်ကသာ ဦးဆောင်ပြီး ဖြေရှင်းနိုင်တယ်လို့ အနောက်ဒီမိုကရေစီနိုင်ငံတွေကပါ တွေးထင်လက်ခံနေကြပုံရတဲ့ အခြေအနေတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ရေရှည်နိုင်ငံရေးအမြော်အမြင်ကို စီးပွားရေးအကျိုးစီးပွားထိလောက်ပဲ တွေးနေတတ်တဲ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ မြန်မာ့အရေး လက်နှေး-လက်ရှောင်မူဝါဒကလည်း တရုတ်ကို ပိုအတင့်ရဲစေတာပါပဲ။
တကယ်တော့ တရုတ်က ဦးသိန်းစိန်ကို တည်ပြီး နိုင်ငံရေးအခင်းအကျင်း ပြောင်းသွားအောင် အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို တပ်ထဲက တဦးချင်းကို ဖဲ့ထုတ်ပြီး ဖြေရှင်းလို့ မရဘူးဆိုတဲ့ သဘောမျိုးနဲ့ ငါသာ ကာချုပ်၊ ငါသာ သမ္မတလို့ တုံ့ပြန်ပြခဲ့ပါတယ်။ တနည်းအားဖြင့် ငါက ဒီလိုဆုံးဖြတ်တာကို ဆန့်ကျင်မယ့်သူ မရှိ၊ ငြင်းဆန်မယ့်သူ မရှိ၊ ဘာလားညာလား ဝေဖန်သူ မရှိ၊ ဒါကြောင့် ငါနဲ့သာ ဆက်ဆံစကားပြောရမယ်၊ ငါကပဲ အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ သတင်းစကားကို ပါးလိုက်ပါတယ်။ (အဲဒီလိုဖြစ်အောင်လည်း လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပါတယ်။ ဒါဟာ မှန်တာ-မှားတာထက် ခွန်အားပါတဲ့ တုံ့ပြန်သံအဖြစ် တရုတ်က ယူဆပုံ ရပါတယ်) အဲဒီမှာ တရုတ်ကလည်း မြန်မာအတွက် စည်းသုံးစည်း သားပြီး စုစည်းအားကောင်းသူလို့ ယူဆတဲ့ စကစကိုသာ ရပ်ခံအကူအညီပေးဖို့ လုပ်လာခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့တွေအပေါ်မှာတော့ တရုတ်ဟာ အထင်အမြင် သိပ်မကြီးနေလှပါဘူး။ တဖွဲ့ချင်းကို ဖိအားပေးလို့ ရနေသလိုတဖွဲ့ကို တမျိုး ပြောပြီး အဖွဲ့တိုင်းကို လိုက်ထိတွေ့ဆက်ဆံကာ လတ်တလော မူဝါဒကိုရော အနာဂတ် စိတ်ကူးစိတ်သန်းကိုပါ တီးခေါက်ကြည့်နေခဲ့ပါတယ်။ အဲဒီမှာ ဒေသအလိုက် လူမျိုးအလိုက် အစုအဖွဲ့အလိုက် မူဝါဒတွေ စိတ်ကူးစိတ်သန်းတွေ မတူကွဲပြားနေတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။ တော်လှန်ရေးတစုံလုံးအနေနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးမျိုးကို တရုတ်က လက်ခံရရှိတာမျိုး မရှိသေးပါဘူး။ တော်လှန်ရေးအဖွဲ့အမျိုးမျိုးဆီက သူ့အပေါ်မှာ မိတ်ဆွေလိုလို ရန်သူလိုလို ဘာလိုလို ညာလိုလို မကွဲပြားတဲ့ သဘောထားတွေ ရှိနေတာကိုလည်း သူက သိနေတာပေါ့။ ဒီတော့ နွေဦးရဲ့ နိုင်ငံရေးသတင်းစကားဟာ တရုတ်အတွက် မိုးလား၊ တိမ်လား မကွဲပြားတဲ့ အနေအထားလို့ သူက ရှုမြင်နေပုံရပါတယ်။ အားကောင်းနေတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ လားရာဟာ သူ့အတွက် ဘာမျှော်လင့်စရာကို ပေးသလဲဆိုတာ သူ ပြန်စဉ်းစားမှာပါပဲ။ ဒီ့ထက် ပိုတွေးနေနိုင်တာက နွေဦးတော်လှန်ရေးမှာ လက်နက်တွေ ရွေ့ချင်တိုင်း ရွေ့နေရာက ဝီဂါတွေဆီလည်း ရောက်လာနိုင်တယ်ဆိုတာပါပဲ။
ဝါးတချောင်းချင်းကို လွယ်လွယ်ချိုးလို့ ရပေမဲ့ ဝါးစည်းကိုတော့ လွယ်လွယ် ချိုးလို့ မရနိုင်ဘူးဆိုတဲ့သဘောကို တရုတ်ဟာ ကောင်းကောင်းသဘောပေါက်ပါတယ်။ ကိုယ်တွေက တချောင်းချင်း သန်စွမ်းနေရတာကို နိုင်ငံရေးအမြော်အမြင်တခုလို ဂုဏ်ဆာနေကြတာဟာ တရုတ်အတွက် ဖိုးကျိုင်းတုတ် ဖြစ်စေတာပါပဲ။
ဒီလိုအနေအထားမှာ တော်လှန်လူထုက တရုတ်ကို မိတ်ဆွေအဖြစ် လက်ခံမှာလား၊ ရန်သူဖြစ်ခွင့် ပေးမှာလား။ သူ့စိုးရိမ်ပူပန်မှုတွေကို ကိုယ့်အခြေအနေနဲ့ ချိန်ကိုက်ပြီး ဘယ်လောက်မဟာဗျူဟာမြောက် နားလည်သဘောပေါက်နေတယ်ဆိုတာကို တော်လှန်ရေးတစုံလုံးရဲ့ စုစည်းတဲ့အသံအဖြစ်နဲ့ ဖော်ထုတ်ပြဖို့က အလွန်အရေးကြီးနေပါတယ်။
စကစက အစပိုင်းမှာ တရုတ်ကို ပေါက်ကရတုံ့ပြန်ပြခဲ့ပေမဲ့ သိပ်အရေးကြီးတဲ့ အနေအထားတခုကို ရောက်လာပြီလို့ သိတဲ့အချိန်မှာ တရုတ် လုပ်ချင်သလို လုပ်ခွင့်မပေးနိုင်ဖို့ တသံတည်း တခွန်းတည်း အပြုအမူတခုတည်းနဲ့ သတင်းစကားသစ်ကို ပေးခဲ့ပါတယ်။ ဒါဟာ တရုတ်အတွက်တော့ လုံလောက်တဲ့ သတင်းစကားမျိုး ဖြစ်ခဲ့ပုံရပါတယ်။ တနည်းအားဖြင့် နွေဦးတော်လှန်ရေးဆီကနေ ကိုယ်ဖြစ်ချင်တာတွေ တကယ်ဖြစ်လာအောင် တရုတ်ကို တသံတည်း တခွန်းတည်း အပြုအမူတခုတည်းနဲ့ သတင်းစကားသစ်ကို ပေးနိုင်ဖို့ မဟာဗျူဟာမြောက် စုစည်းမှုဟာ အရေးတကြီး လိုအပ်နေပါပြီ။
မသီတာ(စမ်းချောင်း)