Home
မြန်မာသတင်း
စစ်ကောင်စီမှတဆင့်သွားသည့် အကူအညီများ ဒုက္ခရောက်နေသည့် ပြည်သူလူထုထံ မရောက်နိုင်
DVB
·
September 11, 2024

စစ်ကောင်စီကနေ တဆင့်သွားတဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ အမှန်တကယ် ပဋိပက္ခ ရှိတဲ့နေရာရှိ ဒုက္ခအခက်အခဲနဲ့ကြုံနေရတဲ့ ပြည်သူတွေဆီ ရောက်မှာ မဟုတ်ဘူးလို့  အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

ပဋိပက္ခဒဏ်ခံနေရတဲ့ဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ကိစ္စ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စ မာဂျားနား စပေါ်လ်ဂျဲရစ် အက်ဂါနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုခဲ့ တာပါ။

Jobs For Kayah အဖွဲ့တာဝန်ခံ၊  ကိုကောင်းမြတ်က “တကယ်တမ်း ပဋိပက္ခရှိတဲ့နေရာ၊ တကယ်တမ်း ဒုက္ခအခက်အခဲရောက်နေတဲ့ နေရာ၊ လူသားချင်းစာနာ ထောက်ထားမှု ကူညီရေးကို အလျင်အမြန်လိုအပ်နေတဲ့ နေရာကို သူတို့ ရောက်လာဖို့တော့ မရှိဘူးလို့ ကျနော်တို့ ခန့်မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၃ နှစ်ကျော် ကာလအတွင်းမှာ ICRC တို့က ကျနော်တို့ မြေပြင်၊ ဒီစစ်ဘေးရှောင်တွေ တကယ်ရှိတဲ့နေရာအထိကို သူတို့ ရောက်မလာနိုင်ဘူး။ ဥပမာ ကျနော်တို့ ဒီ ယူနီဆက်ဖ်တို့ဘာတို့ပေါ့နော် အဲ့ဒါဆိုရင် လွိုင်ကော်မြို့ပေါ်မှာ စစ်ရှောင်နေတဲ့၊ စစ်ကောင်စီ ထိန်းချုပ်နေရာမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူလူထုဆီကိုတော့ သူတို့ရောက်တယ်။ ဒါပေမဲ့ ဒီစစ်ရှောင် အများစုရှိတဲ့ ဒေသဘက်ကိုတော့ သူတို့ လာလို့မရဘူး။ သူတို့ လုံခြုံရေးအရရော တိုက်ပွဲအခြေအနေအရရော စစ်ကောင်စီက ခွင့်ပြုတယ်ဆိုပေမဲ့ မြေပြင်မှာရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက ခွင့်မပြုတာ၊ ပိတ်ဆို့တာရောကြောင့်မို့ သူတို့ရဲ့ အကူအညီ‌ ထောက်ပံ့မှုပဲဖြစ်ဖြစ်၊ သတင်းအချက်အလက်တွေ ကောက်ခံတာပဲ ဖြစ်ဖြစ်ပေါ့နော် တကယ့်မြေပြင်ပေါ်ကို ရောက်မလာဘူး”လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံမှာ ပိုမိုများပြားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို မြန်မြန် ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုပြီး စက်တင်ဘာ ၁၀ ရက်က သတင်းထုတ်ပြန် ပါတယ်။

ICRC ဥက္ကဋ္ဌ မစ္စမာဂျားနား စပေါ်လ်ဂျဲရစ်အက်ဂါနဲ့အဖွဲ့ဟာ  စက်တင်ဘာ ၅ ရက်မှ  ၉ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို တွေ့ရှိခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်နေတဲ့ အခြေအနေကြားက ခုလိုလာရောက်ခဲ့တာဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ မြင့်တက်လာနေတဲ့ အတွက် အရေးပေါ်လုပ်ဆောင်ဖို့ တောင်းဆိုထားတယ်လို့ ICRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ဆက်သွယ်ရေးတာဝန်ခံ  ခမ်းမိုင်က “ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေမှာဆို ကျမတို့ အတွေ့အကြုံအရ ဒီအောက်ခြေမှာ ကျမတို့ အလုပ်လုပ်နေတာတွေ၊ ကျမတို့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ရှိနေတဲ့အချိန်မှာ စစ်တပ်ကနေတဆင့် ကူညီတဲ့ အကူအညီမျိုးဆိုတာကတော့ ကျမတို့ တခါမှ မတွေ့ဖူးဘူး။ မမြင်ဖူးဘူး။ ဒီစစ်တပ်ကနေ တဆင့်သွားတဲ့ အကူအညီလို့ ပြောလာရင် ဒီပြည်သူလူထုအနေနဲ့ ပြန်ပြီးတော့ ခြိမ်းခြောက်ခံရတဲ့ အ‌ခြေအနေမျိုးမှာ ပြန်ကျရောက်နိုင်တယ်။ သိတဲ့အတိုင်းပဲ ကျမတို့ ပဋိပက္ခဖြစ်တဲ့ နယ်မြေတွေမှာ စစ်တပ်က လာတော့မယ်ဆိုရင် ပြည်သူတွေအတွက်က ထိတ်လန့်စရာတွေ ဖြစ်တယ်။ ပြည်သူလူထုတွေက ဒီစစ်တပ် ရပ်ရွာထဲကို ဝင်လာပြီဆိုရင် ပြေးဖို့ ရှောင်ဖို့က ပြင်ဆင်နေရတဲ့ အခြေအနေမျိုး ပြန်ဖြစ်သွားတယ်ပေါ့နော်။ ဒီဟာကတော့ အဲ့လိုမျိုးတော့ အခြေအနေ ရှိမယ်။ ပြည်သူတွေကို ပြန်ခြိမ်းခြောက်တယ်လို့တော့ ကျမတို့ မြင်တယ်ပေါ့နော်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ  ICRC အဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးရေး ရည်ရွယ်ချက်နဲ့ စွမ်းဆောင်နိုင်မှုတွေအကြောင်းကို ပြောကြားခဲ့ပြီး ပဋိပက္ခဒဏ်ခံ ဒေသတွေဆီ ပိုမိုဝင်ရောက်နိုင်စေရေး တွန်းအားပေးပြောကြားခဲ့သလို  ICRC အဖွဲ့ရဲ့ ကြားနေ အခန်းကဏ္ဍနဲ့ အကူအညီတွေ အလိုအပ်ဆုံးလူတွေဆီ ရောက်ရှိရေး ရည်မှန်းချက်ကိုလည်း  ICRC ဥက္ကဋ္ဌက အလေးပေး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ ကရင်နီပြည်နယ်မှာဆိုရင်လည်း လတ်တလော စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်တွေ အပြင်းအထန် ခံစားနေရသလို ရာသီဥတု ဒဏ်ကြောင့် ရေတွေကြီးတဲ့အတွက် တောင်ယာစပါးတွေ ပျက်စီးသွားခဲ့ရပါတယ်။

ဒေသခံပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမားမှုဒဏ်တွေကိုလည်း ခံစားနေရသလို စစ်ဘေးရှောင် ကူညီနေတဲ့ အဖွဲ့တွေကလည်း ရန်ပုံငွေ သိပ်မရှာနိုင်တော့ဘူးလို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုကောင်းမြတ်က ပြောပါတယ်။ 

ISP Myanmar ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ပြေးဒုက္ခသည် ၂ ဒသမ ၄ သန်းကျော်တိုးလာခဲ့တာ ဖြစ်သလို အာဏာသိမ်းအလွန် သုံးနှစ်နီးပါးအတွင်းမှာ မြို့နယ် ၂၂၁ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013