Home
မြန်မာသတင်း
စစ်ကောင်စီ သတ်မှတ်သည့် ဆန်ရည်ညွှန်းဈေး အနည်းငယ် မြင့်တက်
DVB
·
September 10, 2024
RICE_10092024 copy

စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာနက အခု စက်တင်ဘာလအတွက် ထပ်မံသတ်မှတ်လိုက်တဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေက ပြီးခဲ့တဲ့လက နှုန်းထား‌တွေထက် အနည်းငယ် မြင့်လာပါတယ်။

အဆိုပါဌာနအနေနဲ့ ရည်ညွှန်းသတ်မှတ်ဈေးတွေကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တအိတ်ကို အနည်းဆုံး ကျပ် ၇၁,၀၀၀ ကနေ အများဆုံး ကျပ် ၁၅၀,၀၀၀ အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေထဲက ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဥ်၊ ငစိန်၊ ရာ‌‌ေကျာ်၊ ရတနာတိုး၊ ကရင်မ၊ ထွန်းပု၊ နှံကောက် စတဲ့ ဆန်အမျိုးအစားတွေကိုတော့ ဆန်အရည်အ‌သွေးအလိုက် တအိတ်ကို ကျပ် ၇၁,၀၀၀ ကနေ ကျပ် ၈၃,၀၀၀ ကြား သတ်မှတ်ထားပါတယ်။

ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်အုပ်စုတွေဖြစ်တဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်း စတဲ့ ဆန်အမျိုးအစားတွေကိုတော့ တအိတ်ကို ကျပ် ၈၇,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး၊ ရက် ၉၀၊ မနောသုခ၊ ဆင်းသု၊‌‌ ‌ဗျော့ထွန်း စတဲ့ ဆန်အမျိုးအစားတွေကတော့ တအိတ်ကို ကျပ် ၉၈,၀၀၀၊ ဧရာပဒေသာ၊ ဧရာမင်းဆန် အမျိုးအစားတွေကိုတော့ တအိတ်ကို ၁၃၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ရွှေဘိုပေါ်ဆန်း အပါအဝင် ပေါ်ဆန်းအုပ်စုတွေကိုလည်း ဆန်အတန်းအစားအလိုက် တအိတ်ကို အနိမ့်ဆုံး ကျပ် ၁၁၀,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၅၀,၀၀၀ အထိ သတ်မှတ်ထားပါတယ်။

အဲဒီဌာနရဲ့ အခုလအတွက် သတ်မှတ်ဆန်စျေးနှုန်းတွေက ပြီးခဲ့တဲ့ ဩဂုတ်လ သတ်မှတ်စျေး‌တွေနဲ့ယှဉ်ရင် ဆန်တအိတ်ကို ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ ဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။

အခုထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းတွေကို ဈေးကွက်အတွင်း ရောင်းချရာမှာ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုပြီး ရောင်းချခြင်း မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါဆန်ရည်ညွှန်းဈေးတွေကို အခြေခံပြီး စပါးဝယ်ယူရောင်းချရာမှာလည်း သင့်တင့်မျှတတဲ့ စပါးဈေးနှုန်းနဲ့ အရောင်းအဝယ် ပြုလုပ်ရမယ်လို့လည်း စစ်ကောင်စီ လက်အောက်ခံ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက‌တော့ ဆန်ဈေးကို သတ်မှတ်ထားတာထက် ပိုမိုအမြတ်တင် ရောင်းချလို့ဆိုပြီး City Mart စီအီးအို အပါအဝင် လုပ်ငန်းရှင်တချို့ကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေနဲ့ စစ်ကောင်စီက အရေးယူခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013