မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက ချင်းရွာတွေကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထားတာ ၄ လကျော်ကြာလာတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ငဖဲဒေသခံတွေက ပြောပါတယ်။
ငဖဲမြို့နယ်အတွင်းက ဂုတ်စီးရိုး၊ စွန်ပျော်၊ မထုံး စတဲ့ကျေးရွာတွေကို ၂၀၂၄ ခုနှစ် မေလကစလို့ စက်သုံးဆီနဲ့ ဆန်အပါအဝင် အထွေထွေကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်ပင်ခဲ့တာပါ။
ငဖဲမြို့နယ် ချင်းရွာကပြည်သူတွေဟာ ယခင်က အမ်း-မင်းဘူး လမ်းမကြီးအတိုင်း ပဒါန်းမြို့မှာ စျေးဝယ်ယူခဲ့ရာမှ စစ်ကောင်စီက လမ်းပိတ်ထားတဲ့အတွက် နီးစပ်ရာကျေးရွာတွေမှာ ဝယ်ယူစားသောက်နေရပြီး ပြည်သူ ၅၀၀ ကျော် စားရေးသောက်ရေး ခက်ခဲနေတယ်လို့ဆို ပါတယ်။
ဒေသခံတယောက်က “ဧပြီနောက်ဆုံးပတ်နဲ့ မေပထမအပတ်မှာ တိုက်ပွဲတွေ တော်တော်ဖြစ်တယ်၊ အဲဒီကတည်းက ရွာသားတွေကို ကုန်ပစ္စည်းတွေသယ်ဖို့ ပိတ်ထားလိုက်တာ၊ အဲဒီဘက်က ရွာသားတွေက PDF ကို ထောက်ခံတယ်ဆိုပြီးတော့မှ ပဒါန်းမှာ ဈေးသွားဝယ်တာကို ပိတ်လိုက်တာ၊ ငဖဲမြို့ထဲကလည်း သွားရတာဝေးတော့ အနီးနားက ရွာကြီးတွေမှာပဲ တောလမ်းကနေ ဆန်တွေ ဘာတွေ သွားဝယ်ပြီး စားနေရတာ” လို့ ပြောပါတယ်။
နတ်ရေကန်တောင်ကြောပေါ်က စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကလည်း စွန်ပျော်ကျေးရွာမှာ တပ်စွဲထားပြီး တောင်ပေါ်ချင်းရွာက ပြည်သူတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ဟာ အရှိုချင်းကာကွယ်ရေးတပ် ACDF က အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့မြို့ ဖြစ်ပါတယ်။